Tuesday, July 28, 2015

မိန်းမသားတို့ဘဝ


စိတ်က မိဘအတွက်...
ကိုယ်ခန္ဓာက လင်ယောင်္ကျားအတွက်...
အချိန်တွေက သားသမီးအတွက်...

ကိုယ့်အတွက်ကတော့
မျက်နှာပေါ်က အရေးအကြောင်းတွေရယ်...
ပင်ပန်းနွမ်းနယ်မှုတွေပဲ ကျန်ခဲ့တယ်...

လှပလွန်းရင် အန္တရာယ်များတယ်...
ရုပ်ဆိုးပြန်တော့လည်း ဘယ်သူမှအဖက်မလုပ်ချင်...

ပွင့်လင်းလွန်းတော့ အပေါစားထင်မယ်...
စကားနည်းတော့ ပေါင်းသင်းရခက်တယ်...

တကိုယ်တည်းနေမယ်ဆိုတော့ လိုချင်တဲ့သူမရှိလို့တဲ့...
အိပ်ထောင်ပြုတော့လည်း လွတ်လပ်မှု ဆုံးရှုံးပြန်ကော...

လင်ယောကျာ်းက ခန့်ညားလွန်းတော့လည်း
သူများအတွက် အလွယ်တကူဖြစ်နိုင်တယ်...
မချောတော့လည်း ကိုယ့်အမြင်က နှိမ့်ကျတယ်ဖြစ်မယ်...

ကလေးမယူချင်တော့လည်း မိန်းမ မပီသဘူးကဲ့ရဲ့ကြမယ်...
ယူပြန်တော့လည်း ပင်ပန်းရတာကိုယ်ပဲ...

အပြင်မှာအလုပ်ထွက်လုပ်တော့လည်း...
အိမ်မှုကိစ္စ မပိုင်နိုင်ဘူး အပြင်ပဲထွက်ချင်တယ်ပြောမယ်...
ငွေမရှာပြန်တော့လည်း...
အရည်အချင်းမရှိဘူး ယောင်္ကျားကိုပဲ အားကိုးနေတယ်ပြောဦးမယ်...

အလှပြင်တော့လည်း ပဲများတယ်ပြောမယ်...
မပြင်ပြန်တော့လည်း မိန်းမဖြစ်ပြီး သပ်ရပ်မှုမရှိ အပျင်းကြီးတယ်ပြောမယ်...

သူငယ်ချင်းမရှိတော့ စိတ်ညစ်တဲ့အခါ ရင်ဖွင့်စရာမရှိပြန်...
သူငယ်ချင်းများပြန်တော့လည်း ရှုပ်ရှုပ်ရှက်ရှက်နဲ့ အတည်တကျမရှိဘူး ပြောကြမယ်...

လောကကြီးမှာ မိန်းမဖြစ်ရတာ ကိုယ်ပိုင်တဲ့အချိန်ဆိုတာ မရှိဘူး...
မိန်းမလုပ်ရတာ ယောင်္ကျားလုပ်ရတာထက် ခက်ပြီးရင်းခက်နေတာ့တာပဲ...
မိန်းမဖြစ်ရတာ အယူဝါဒအရ မမြတ်ရင်သာနေမယ်... ယောင်္ကျားတွေထက်နိမ့်တာ မရှိဘူး...

ကိုယ်ခန္ဓာဖွဲ့စည်းပုံအရ အားနွဲ့တယ်ထင်ရပေမယ့် ဆင်းရဲဒုက္ခတွေကို ယောင်္ကျားတွေထက် ပိုခံနိုင်တယ်...
ယောင်္ကျားတွေ မခံစားရတဲ့ နာကျဉ်မှုဝေဒနာကို ဘဝရဲ့ ၃ပုံ၂ပုံလောက်လစဉ်လတိုင်း အံကြိတ်ခံစား ဖြတ်တန်းခဲ့ရတယ်...

အိမ်ထောင်ပြုပြီး လင်ယောင်္ကျားမကောင်းလို့ ဘဝပျက်ရတဲ့အမျိုးသမီးများပေမယ့်...
အပျိုကြီးလုပ်လို့ အားကိုးရာမဲ့လို့ဆိုပြီး ဘဝပျက်ခဲ့ရတဲ့သူ ရှားတယ်...

ဒီလောက်အပင်ပန်းခံ ဆင်းရဲဒုက္ခခံလာရပြီးမှတော့
ယောင်္ကျားတစ်ယောက်အတွက်နဲ့ ကိုယ့်ဘဝကို ကိုယ်အပျက်မခံပါနဲ့...
ကိုယ့်ကိုယ်ကိုမှ တန်ဖိုးမထားရင် ဘယ်သူကမှ တန်ဖိုးထားမှာ မဟုတ်ပါဘူး...

ကိုယ့်ကိုယ်တိုင်က ကျားတစ်ကောင်အဖြစ် မနေရင်
အဆင့်အတန်းမရှိတဲ့ ကျားတစ်ချို့ရဲ့ သားကောင်အဖြစ်ကို အလွယ်တကူရောက်သွားနိုင်တယ်...

ကျားကို နွားတစ်ကောင်လို မခိုင်းစားနိုင်ရင်တောင်
ဘယ်တော့မှ အလွယ်တကူ အစားခံရမယ့်
သားကောင်အဖြစ်မခံပါနဲ့...
ကိုယ့်ကိုယ်ကိုသာ အားကိုးပါ...

ကိုယ်က မွေးကတည်းက သေတဲ့အထိ ဒုက္ခဆင်းရဲတွေကို အံတုပြီးကျော်ဖြတ်ခဲ့ရတယ်ဆိုတာ အမှတ်ရပါ...
ကိုယ်အားကိုးမယ့်သူက ကိုယ့်လောက်တောင် ဒုက္ခတွေကို ခံစားဖူးတဲ့ အတွေ့အကြုံမရှိနိုင်ပါဘူး...
သူကကိုယ့်အတွက် စစ်မှန်တဲ့ ချစ်ခြင်းတရားကို မပေးနိုင်ရင် သူ့ဆီကဘာမှ မျှော်လင့်မနေပါနဲ့တော့...
သူတို့အတွက် ကိုယ့်ဘဝကို ရင်းနှီးရတာ မတန်လို့ပါ...

(အိမ်အတွက်ကော လုပ်ငန်းအတွက်ပါ အဆက်မပြတ် ကြိုးစားအားထုတ်နေပြီး
ဖိအားတွေများလွန်းတဲ့ အမျိုးကောင်းသမီးများအတွက် ဂုဏ်ယူစွာရေးသားသည်။)

စည်းကမ်းပြည့်ဝသောအမျိုးသမီးများအားလုံးကိုလေးစားလျှက်
မြန်မာအဲရင်းအဖွဲ့(၂ဝ၁၅ ဇူလိုင်)


Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © 2025 Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com