Friday, May 29, 2015

ရောင့်ရဲတတ်မှချမ်းသာရ၏။


တခါတုန်းက အလွန်ကြွယ်ဝချမ်းသာပြည့်စုံစွာနေနေရပေမဲ့ ဘယ်တော့မှရောင့်ရဲခြင်းမရှိတဲ့ ဘုရင်တစ်ပါးရှိတယ်။ တနေ့တော့ သူဟာ သူ့နန်းတော်အတွင်း လှည့်လည်ကြည့်ရှုနေတုန်း သီချင်းလေးတအေးအေးနဲ့ ပျော်ရွှင်စွာအလုပ်လုပ်နေတဲ့ သူ့ရဲ့ အမှုထမ်းတစ်ယောက်ကို သွားတွေ့တော့ အဲ့ဒီမြင်ကွင်းကသူ့ကိုအလွန်စိတ်ဝင်စားစေတယ်။ 

အဲဒါနဲ့ သူလဲအဲ့ဒီသူအနားကို သွားပြီး “ဘာလို့ အဲ့လောက်တောင်များစိတ်အေးလက်အေး
ပျော်ရွှင်နေနိုင်သလဲ” လို့မေးသတဲ့ ။ အဲ့ဒီတော့ အမှုထမ်းက “အရှင် .. ကျွန်တော်မျိုးက သခင့်အမှုထမ်းပါ။ ဘာမှထူးထူးခြားခြားလူတစ်ယောက် မဟုတ်ပါဘူး ။ ကျွန်တော်မျိုးနဲ့ ကျွန်တော့် မိသားစုအတွက် အများကြီးမလိုပါဘူး။ အမိုးအကာလုံခြုံတဲ့နေရာလေးတစ်ခုနဲ့ အစာအိမ်ကိုဖြည့်တင်းပေမဲ့ လုံလောက်တဲ့ အစားအစာတွေရှိနေရင် ပြည့်စုံပါတယ်” တဲ့ ။

ဘုရင်ဟာ အမှုထမ်းရဲ့စကားကို အကျေနပ်ကြီးမဟုတ်တော့ သူ့ရဲ့အတိုင်ပင်ခံအမတ်ကို အဲ့ဒီအကြောင်းပြောပြတော့ အမတ်ကြီးက “အရှင်မင်းကြီး ..ခုန အမှုထမ်းဟာ ကိုးဆယ်ကိုးအသင်းဝင်တစ်ယောက်မဖြစ်သေးလို့ပါ” တဲ့ ။ အမတ်ကြီးရဲ့ ကိုးဆယ်ကိုး အသင်းဝင် ဆိုတဲ့စကားကို ကြားတော့ ဘုရင်က အလွန်အံ့အားသင့်သွားပြီးဆက်လက်မေးမြန်း တယ်။ 

“အရှင်မင်းကြီး ..ကျွန်တော်မျိုး ရွှေဒင်္ဂါးပြား ကိုးဆယ်ကိုးပြားကိုထုတ်ပိုးပြီး အမှုထမ်းရဲ့အိမ်ရှေ့တံခါးဝမှာ သွားထားပြီးရင် အရှင်မင်းကြီးသိလာပါလိမ့်မယ်” လို့ အမတ်ကြီးကလျှောက်ထားတယ်။ နောက်တနေ့ရောက်လို့သူ့အိမ်ရှေ့က ရွှေဒင်္ဂါးပြားထုပ်
ကိုလည်းတွေ့ရော အမှုထမ်းက ဝမ်းသာအားရနဲ့ အိမ်ထဲကိုယူသွားပြီး ဒင်္ဂါးပြားတွေကို စရေတွက်တော့တာပဲ ။ ကိုးဆယ်ကိုးပြားပဲရှိတဲ့ ဒင်္ဂါးပြားတွေကို သူရေတွက်ပြီးတဲ့အချိန်မှာ “မဖြစ်နိုင်ဘူး။ ဘယ်သူမှ ကိုးဆယ့်ကိုးခုတော့ မထားလောက်ပါဘူ။ နောက်ဒင်္ဂါးတစ်ပြား ရှိကိုရှိရဦးမယ်” ဆိုပြီး သူဟာနေရာအနှံ့ ရှာတော့တာပဲ ။ နောက်ဆုံး ခြေကုန်လက်ပမ်းကျပြီး
မောကြီးပန်းကြီးနဲ့ အိမ်ကလူတွေကိုပါ ဆူပူမာန်မဲရှာခိုင်းတယ်။ 

မတွေ့တော့တဲ့အဆုံးမှာ သူကအဲ့ဒီဒင်္ဂါးတစ်ပြားကို သူ့လုပ်အားနဲ့မရရအောင်ဖြစ်စေရမယ် ဆိုပြီး ခါတိုင်းထက် နှစ်ဆပိုလုပ်၊ အိမ်ကလူတွေကိုလဲ အရင်လိုကောင်းကောင်းစကားမပြော၊ အလုပ်ထဲမှာလဲ စိတ်အေးလက်အေးမရှိနဲ့ အပြောင်းလဲကြီး ပြောင်းလဲသွားတယ်။

အဲဒါကိုမြင်တွေ့နေရတဲ့ ဘုရင်ကြီးကသူ့ရဲ့အသွင်ပြောင်းမှုကို အံ့သြတကြီးဖြစ်ပြီး အမတ်ကြီးကိုမေးပြန်တယ် ။ အဲ့ဒီတော့မှ အမတ်ကြီးက “အရှင်မင်းကြီး .. အမှုထမ်းဟာ အခုတော့ ကိုးဆယ်ကိုးအသင်းသားတစ်ယောက်ဖြစ်သွားပါပြီ”.. နောက် .. သူကဆက်ပြီး ရှင်းပြတယ် ။ဘာလို့ ကိုးဆယ်ကိုး အသင်းဝင်လို့ ခေါ်ဆိုရသလဲဆိုတော့ “တချို့တချို့လူတွေရဲ့ ဘဝဟာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ရာ လုံလောက်ပြည့်စုံတဲ့ အနေအထားတစ်ခုရှိနေပေမဲ့ ဘယ်တော့မှမရောင့်ရဲနိုင်သေးပဲ ကျန်တဲ့ အပိုတစ်ခုနောက် အသဲအသန်လိုက်ရင်း ပင်ပန်းဆင်းရဲနေရတဲ့သူတွေကို ဆိုလိုတာပါ” တဲ့။ 

ဘဝမှာ ကိုယ်ပိုင်ဆိုင်သလောက်နဲ့ တင်းတိမ်ရောင့်ရဲပျော်ရွှင်နေနိုင်ပါတယ် ။ ကြီးကြီးမားမားပိုင်ဆိုင်မှုတွေ များများစားစား ရလာတာနဲ့အမျှ ပေးဆပ်မှုတွေ ပိုများပြားလာ သလို ကိုယ်ချစ်တဲ့သူတွေကိုတောင်ထိခိုက်နစ်နာစေတဲ့အနေအထားမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ တစ်စုံတစ်ခုကို မိမိရယူလိုက်တိုင်းမှာ ပေးဆပ်လိုက်ရတဲ့အရာတစ်ခု ရှိနေတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့ ။ 
(ချမ်းသာအစစ်ဆိုတာ တင်းတိမ်ရောင့်ရဲနိုင်ခြင်းပါ။) 

ကြိုးစားသူတို့ဆုံဆည်းရာ မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ မေလ) 
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com