Sunday, May 31, 2015

ဆရာဟူသည်

ဆရာများ၏ကျေးဇူးကိုကဗျာများဖြင့်ဖော်ကျူးအပ်ပါသည်။

ဆရာဟူသည်
 
ရှေးရှုမေတ္တာ၊ ကရုဏာနှင့်
နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း
ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ
ဆရာဟူလော့......

ဆရာဟူသည်

လောကကိုပညာဖြင့် အလှဆင်သူ
သောကကို ကရုဏာဖြင့်ဖြေဖျောက်သူ
အများအကျိုးကို ကိုယ်ကျိုးစွန့်၍ ဆောင်ရွက်တတ်သူ
ဆရာဟူ၏..........

ဆရာဟူသည်

အမြင့်မြတ်ဆုံး ဥယျာဉ်မှူးဖြစ်၏။
အကြီးကျယ်ဆုံး ဗိသုကာလည်းဖြစ်၏။
အနူးညံ့သိမ်မွေ့ဆုံးသော အနုပညာရှင်လည်းဖြစ်၏။
စေတနာအကောင်းဆုံးသော အလှူရှင်လည်းဖြစ်၏။
သို့သော်....
ပစ္စည်းဥစ္စာမချမ်းသာ
တပည့်မရှား တစ်ပြားမရှိ
ပီတိကိုစား အားရှိပါ၏။

ဆရာဟူသည်

ပန်းချိုးသူမဟုတ် ပန်းပျိုးသူသာဖြစ်သည်။
ပန်းချိုးသူသည် ပန်းတစ်ပွင့်ထဲကိုသာ ကြည့်တတ်ပြီး
ပန်းပျိုးသူသည် ပန်းခင်းတစ်ခုလုံးကို ကြည့်တတ်သူဖြစ်သည်။

ဆရာဟူသည်

လမ်းနင်းသူမဟုတ် လမ်းခင်းသူများဖြစ်ကြသည်။
လမ်းနင်းသူသည် လမ်းတစ်ကြောင်းကိုသာ ကြည့်တတ်ပြီး
လမ်းခင်းသူသည် ဘဝခရီးပန်းတိုင်အထိ ကြည့်တတ်ပါသည်။

ဆရာဟူသည်

တူညီနှိုင်းဆို
မြင့်မိုရ်တောင်ဦး မကကျူးသည့်
ကျေးဇူးတရား ဘုရားနှင့်နှိုင်း
တစ်ဂိုဏ်းတည်းပြ အနန္တဂုဏ်ဝင်
ကျေးဇူးရှင်......

ဆရာဟူသည်

ပန်းပုဆရာနှင့်တူပေသည်။
ပန်းပုဆရာတို့သည် လှပတင့်တင်သော
နတ်သမီးရုပ်ကိုလည်းကောင်း၊
ကြမ်းတမ်းခက်ထန်သော
ဘီလူးရုပ်တုကိုလည်းကောင်း ပုံသွင်းထုလုပ်နိုင်စွမ်းသကဲ့သို့
ဆရာတို့သည်လည်း
မိမိတပည့်များအား ဘဝရှေ့ရေးကို
ကောင်းမွန်အောင်၊ ဆိုးဝါးအောင်၊ ထူးချွန်အောင်၊ ညံ့ဖျင်းအောင်
ဖန်တီးထုလုပ်နိုင်စွမ်း ရှိကြပါ၏။

ဆရာဟူသည်

ကြီးမားဂုဏ်ရည် နန္တမည်ကာ
ကဗျာစာပေ ထုတ်ဖော်ချေလည်း
ပြည့်စုံမရှိ မမှီဘိသို့
တုနှိုင်းမမှီ ဆရာ့ဂုဏ်ရည်။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို အစဉ်ရိုသေဝတ်တွားလျှက်......

ရေးသားသူ....ဆက်ပိုင် (မြန်မာအဲရင်းအဖွဲ့)




Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com