Sunday, July 19, 2015

ဇူလိုင်(၁၉) နိုင်ငံတော်လုပ်ကြံမှုကြီး


ထိုနေ့က ဝန်ကြီးများအစည်းအဝေးသည် အတွင်းဝန်များရုံး အဆောက်အဦး ဗိုလ်ချုပ်အောင်ဆန်း၏ရုံးခန်းတွင် ဂ ငယ်ပုံ
အစည်းအဝေးစားပွဲ ကြီး၌ နံနက် ၁ဝ နာရီခန့်အချိန်တွင် စတင်ကျင်းပရာထိပ်စားပွဲ အလယ်၌ ဗိုလ်ချုပ်အောင်ဆန်း
ထိုင်သည်။ ဗိုလ်ချုပ်၏ လက်ယာဖက်စားပွဲ ၌ သခင်မြ ၊ ဦးရာဇတ် ၊ ဒီးဒုတ်ဦးဘချို ၊ဦးဘဝင်း နှင့် မန်းဘခိုင်တို့
အစဉ်အတိုင်းသည် လည်းကောင်း ၊လက်ဝဲဘက်စားပွဲ ၌ ဝန်ကြီးများအဖွဲ့အတွင်းဝန်ဦးရွှေဘော်သည်လည်းကောင်း ၊
ဦးဘဂျမ်း ၊ဦးအောင်ဇံဝေ ၊ ပျော်ဘွယ်ဦးမြ ၊ မိုင်းပွန်စော်ဘွားကြီး တို့ အစဉ်အတိုင်းသည်လည်းကောင်း ထိုင်ကြပြီးလျှင်
လက်ယာဖက် သခင်မြတို့ စားပွဲထိပ်ရှိ ကုလားထိုင်၌ အစည်းအဝေးတွင် စဉ်းစားသောကိစ္စနှင့်သက်ဆိုင်သည့်
ဝန်ကြီးဌာန၏ အတွင်းဝန်က ထိုင်ရသည်။

နံနက် ၁ဝ နာရီ မိနစ် ၃ဝ ခန့်တွင် လူသတ်သမားများရောက်လာချိန်၌ ဝန်ကြီးများ အစည်းအဝေးတွင်ရှိနေသော
အလှည့်ကျ အစိုးရအတွင်းဝန်မှာ ဦးအုန်းမောင်ဖြစ်သည်။ ဦးအုန်းမောင် ရောက်လာပြီးသုံးလေးမိနစ်ခန့်အကြာတွင်
လူသတ်သမားများ ရောက်လာခြင်းဖြစ်သည်။ အစည်းအဝေးအစီအစဉ်အရထိုအချိန်သည် ဦးအုန်းမောင်၏ အလှည့်
မကျရောက်သေး။ သံအမတ်ဟောင်း (ထိုအချိန်က အတွင်းဝန်) ဦးကြင်၏အလှည့် ဖြစ်သည်။ ဦးအုန်းမောင်က
မိမိတွင် အခြားအရေးကြီးသော ကိစ္စတခု ရှိနေသေးကြောင်း ဦးကြင်အားပြောပြခွင့်ပန်ပြီးလျှင် အစည်းအဝေးသို့
ဦးစွာလာ၍ သူရေးထားသည့် သယ်ယူပို့ဆောင်ရေး စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြထားခြင်း ဖြစ်သည်။
အကယ်၍သာ အစည်းအဝေးအစီအစဉ်အတိုင်း စဉ်းစားဖြစ်လျှင်(သို့တည်းမဟုတ်) လူသတ်သမားများ ငါးမိနစ်ခန့်
စော၍ ရောက်လျှင် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့်ရင်နင့်ဖွယ်ကိစ္စတွင် ဦးအုန်းမောင်၏ အသက်တချောင်း
အဆစ်ပါသွားခဲ့မည် မဟုတ်ပေ။

ထိုနေ့က ကျွန်တော်ထိုင်သော နေရာသည် လူသတ်သမားများ ဝင်လာသောတံခါးကို မျက်နှာမူလျက် ဖြစ်သည်။
တံခါးစောင့်ရုံးစေကို ဖယ်ရှား၍ တံခါးကိုတွန်းပြီးဝင်လာကြသော စစ်ဝတ်စုံဝတ် လူသုံးလေးယောက်ကိုမြင်ရသော
အခါ ကျွန်တော်၏စိတ်၌ အရေးတကြီးကိစ္စတခုအတွက် ဗိုလ်ချုပ်ထံသို့ သတင်းပို့ရန်လာခြင်းဖြစ်မည် ၊ဒို့လူတွေဟာ
နားမလည်ချက် ဆိုးရွားလှသေးသည် ၊ ဝန်ကြီးများ အစည်းအဝေးခန်းထဲ လာတာတောင်သေနတ်တွေ အပြင်မှာ
မထားခဲ့ဖူး ၊ ဗိုလ်ချုပ်အား သူ့လူတွေ ဤကဲ့သို့ နောက်မလုပ်ရန် ဆုံးမထားပါဟုပြောဦးမည် စိတ်ကူးနေစဉ် ရှေ့ဆုံးမှ
ဝင်လာသူသည် အစည်းအဝေးစားပွဲ ကြီး၏ ဂ ငယ်ပုံအဝမှဝင်၍ အလယ်၌ခြေစုံရပ်ပြီးလျှင် ဗိုလ်ချုပ်အားစ၍
ပစ်လေတော့သည်။ ဗိုလ်ချုပ်သည် ထိုင်ရာမှထ၍ လက်ကာပြပြီးလျှင် တခုခု အော်၍ပြောသည်။
ကောင်းကောင်းနားမလည်လိုက်ပါ။ လူသတ်သမားများ ပစ်ခတ်နေစဉ် ဗိုလ်ချုပ်သည် သူ၏လက်ယာဖက်
နောက်ဆွယ်တွင်ရှိသော ရုံးစားပွဲသို့သွားရာမရောက်မီ စားပွဲ ၂ ခုအကြား၌ ကျဆုံးခဲ့လေသည်။

ဗိုလ်ချုပ်အားစတင်ပစ်ခတ်ချိန်၌ ဦးရွှေဘော်နှင့် ပျော်ဘွယ်ဦးမြတို့သည်ပြတင်းပေါက်မှကျော်၍အစည်းအဝေးခန်းမနှင့်
ကပ်လျက်ရှိသော ဦးရွှေဘော်၏ ရုံးခန်းသို့ ထွက်ပြေးလွတ်မြောက်ကြလေသည်။ကျွန်တော်သည် ပစ်သည်ကို
မြင်လျှင်မြင်ချင်း ကြမ်းပြင်ပေါ်သို့မှောက်၍ အိပ်ချလိုက်ပြီးလျှင် လက်ဝဲဖက်တွင်ကပ်လျက်ထိုင်နေသူဦးအောင်ဇံဝေ၏
လက်ကို ဆွဲ၍ချလိုက်သဖြင့် ကျွန်တော်တို့နှစ်ယောက် တပြိုင်တည်းလောက် ကြမ်းပြင်ပေါ်၌ မှောက်လျက်သား
ဖြစ်သွားကြပါသည်။ 

အစည်းအဝေးခန်းနှင့် ရုံးခန်းများသို့ အလွယ်တကူ သွားလာနိုင်သော သီးသန့်လှေကားငယ် တစ်ခု
(အာဇာနည်များအား လုပ်ကြံသူများမှ ထိုလှေကားမှ တက်ခဲ့သည်ဟု သိရသည်။)

လူသတ်သမားများသည် ဗိုလ်ချုပ်နှင့် သခင်မြတို့ စားပွဲ ရှိ လူများအား ပစ်ပြီး၍အားရမှကျွန်တော်တို့ထိုင်ရာဖက်သို့
ပစ်သဖြင့် ဗိုလ်ချုပ်အား မဲ၍ပစ်နေစဉ် ဦးရွှေဘော်နှင့် ပျော်ဘွယ်ဦးမြတို့ပြေးချိန်ရခဲ့သည်။ ဦးအောင်ဇံဝေနှင့်
ကျွန်တော်တို့မှာ ကြမ်းပြင်ပေါ်၌လဲလျက်ရှိနေသဖြင့် ကျပြီထင်၍များများအပစ်မခံရ။ ထိုင်လျက်ရှိနေသူများကိုသာ
အာရုံပြု၍ ပစ်ခတ်ကြသည်။ ထိုင်သူများအားအတော်အားရလောက်အောင် ပစ်ခတ်ပြီးသည့်နောက် စားပွဲဝိုင်း
အလယ်၌ဝင်၍ ပစ်သူသည် ဒူးထောက်၍ ကျွန်တော်တို့ဖက်သို့ ဝှေ့ရမ်းပစ်ခတ်သေးသည်။ ထိုသို့ ပစ်ချိန်တွင်
ကျွန်တော်၏ လက်ယာဖက်လက်သူကြွယ်ထိပ်ကို ထိမှန်ခဲ့လေသည်။ အုတ်နံရံမှ ပြန်၍ဝင်လာသောကျည်ဆံ
ဖြစ်သည်ဟု ယူဆခဲ့ပါသည်။ အပစ်အခတ်များရပ်စဲ၍ လူသတ်သမားများ ပြန်ဆုတ်စဉ် အခန်းတွင်းမှ မထွက်သေးမီ
ဦးအောင်ဇံဝေသည်အိပ်နေရာမှ ထထိုင်ပြီး ” သေကုန်ကြပြီ ၊ သေကုန်ကြပြီ ” ဟု ထိမှန်ကြသူများအား
လက်ညှိုးညွှန်၍ ဝမ်းနည်းပက်လက်ညည်းညူနေသဖြင့် ထပ်ပစ်နေဦးမည်ဟုပြောပြီးဆွဲလိုက်မှ ပြန်လှဲချလိုက်ပါသည်။
(အထက်ပါပြောစကားများမှာ ဝန်ကြီးဦးဘဂျမ်းကိုယ်တိုင်ကြုံတွေ့မှုများကိုရေးသားဖော်ပြထားခြင်းဖြစ်သည်။)
.......................................................................................................................... 


ဝန်ကြီးဦးအောင်ဇံဝေ၏ပြောပြချက်များကိုဆက်လက်ဖော်ပြပါမည်။
၁၉၄၇ ခုနှစ် ဂျူလိုင်လ ၁၉ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ကျွန်ုပ်ကိုယ်တိုင် တခဏတာမျှ ခံစားလိုက်ရသော
အတွေ့အကြုံနှင့် အနိဌာရုံမြင်ကွင်းမှာ ကျွန်ုပ်၏ တသက်တာတွင် မည်သည့်နည်းနှင့်မျှ မေ့၍ မရနိုင်တော့ပေ။

သေနတ်သံများ စဲသွားပြီးနောက် လူသတ်သမားများထွက်သွား၍ အသံပလံများ ဆိတ်ငြိမ်သွားသောအခါတွင်မူ
ကျွန်ုပ်နှင့် ဝန်ကြီးဦးဘဂျမ်းတို့သည် ဝမ်းလျားမှောက်နေရာမှ ထပြီး စားပွဲ ပတ်ဝန်းကျင်ကို ကြည့်မိကြသည်။
ကျွန်ုပ်မှတ်မိသောမြင်ကွင်းကို ဖော်ပြရလျှင် ပေ ၄ဝ ခန့်မျှရှိသော ခန်းမကြီးတခုလုံး ဆီးနှင်းများ ကျသကဲ့သို့
ယမ်းငွေ့များ တထောင်းထောင်းနှင့် ဖုံးလွှမ်းနေပြီး ကျည်ဆံများကလည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲ၍နေပေသည်။

ဗိုလ်အောင်ကျော်လမ်း ( ထိုစဉ်က စပတ်လမ်း ) ဖက်သို့ မျက်နှာပြုထားသော ဂငယ်သဏ္ဍာန် စားပွဲထိပ်နှင့် ခပ်လှမ်းလှမ်း
ကြမ်းပြင်ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းမှာ တုံးလုံးလဲလျက်ငြိမ်သက်နေသည်။ 


အာဇာနည်တို့လုပ်ကြံခံရပြီးနောက်မြင်ရသည့် ဝန်ကြီးရုံး အစည်းအဝေးခန်းမ(ဘယ်ဘက်ပုံ)
ယခုထိုအခန်းကို ဘုရားခန်း အဖြစ် ပြင်ဆင်ထားသည်ကိုတွေ့ရစဉ်။ (ညာဘက်ပုံ)

စားပွဲလက်ယာဖက်တွင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းက သူ၏ ကုလားထိုင်ပေါ်တွင်ပင်ထိုင်လျက် စားပွဲပေါ်သို့
ကုန်း၍လက်ထောက်ထားပြီး ပါးစပ်မှ သွေးများ ယိုစီးကျနေသည်။ စားပွဲ လက်ဝဲဖက်တွင် ထိုင်နေကြသောဝန်ကြီး
သခင်မြသည် စားပွဲထိပ် လက်ဝဲဖက်ထောင့် စားပွဲအောက်နား၌ မှောက်လျက်လဲနေရာသေဆုံးနေပြီဟု ယူဆရသည်။
ဝန်ကြီး မစ္စတာ ရာဇတ် ၊ ဝန်ကြီး ဒီးဒုတ်ဦးဘချို ၊ ဝန်ကြီး ဦးဘဝင်းနှင့်ဝန်ကြီး မန်းဘခိုင်တို့သည် သူတို့ထိုင်မြဲ
ကုလားထိုင်များတွင်ခေါင်းငိုက်စိုက်ကျလျက် ငြိမ်သက်နေကြသည်။

မစ္စတာ ရာဇတ်နှင့် ဒီဒုတ်ဦးဘချိုတို့ နှစ်ဦးတည်းသာ မသေဆုံးကြသေးပဲ အနည်းငယ်စီ အသက်ရှုရှိုက်လှုပ်ရှားနေသည်။
စားပွဲ၏ လက်ယာဖက် ကျွန်ုပ်နှင့် မိုင်းပွန်စော်ဘွားကြီး အကြားတွင်ထိုင်နေသောဝန်ကြီး ပျော်ဘွယ်ဦးမြနှင့်
စားပွဲထိပ် ဗိုလ်ချုပ်အောင်ဆန်း လက်ယာဖက်တွင်ထိုင်နေသောအတွင်းဝန်ဦးရွှေဘော်တို့ နှစ်ဦးစလုံးမှာ
အပြင်ဖက်သို့ အချိန်မီရောက်ရှိသွားနိုင်ခဲ့ကြသဖြင့်အသက်ဘေးမှ လွတ်မြောက်သွားခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ လက်ဝဲဖက်တွင်ထိုင်သောတတိယအတွင်းဝန် ဦးအုန်းမောင်မည်သည့်ပုံစံဖြင့်
သေဆုံးနေသည်ကိုမူ ကျွန်ုပ်မှတ်မိတော့ပါ။
(ဝန်ကြီးဦးအောင်ဇံဝေကိုယ်တိုင်ကြုံတွေ့ခဲ့သည့်အတိုင်းရေးသားထားခြင်းဖြစ်ပါသည်။)
.....................................................................................................................
ဆက်လက်ပြီးပျော်ဘွယ်ဦးမြ၏သားဖြစ်သည်ဦးမျိုးအောင်၏ပြောပြချက်များကိုဖော်ပြပါမည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီ။ ကောင်းကင်တစ်ခုလုံး မိုးသားတွေနဲ့ မည်းမှောင်နေတယ်။
မိုးကတော့ တဖွဲဖွဲရွာလိုက်၊ သည်းလိုက်။

အဖေ ဒီနေ့ရုံးမှာ အစည်းအဝေးရှိလို့ စောစောသွားတယ်။ အိမ်မှာ အမေနဲ့ ကျွန်တော်တို့ ကလေးတွေပဲရှိတယ်။
ခဏကြာတော့ တယ်လီဖုန်းသံကြားတယ်။ အမကြီးက ဖုန်းကို နားထောင်တော့ “ဝန်ကြီးရုံးခန်းကို ချောချော
မောမောပြန်ရောက်ပါတယ်” လို့ပြောပြီး ပြန်ချသွားတယ်။ အစ်မကြီးက အမေကိုပြောပြီး ရုံးကိုဖုန်းပြန်ဆက်တော့
ခေါ်လို့မရဘူး။ ဘာမှန်းမသိပေမယ့် တစ်ခုခုတော့ဖြစ်ပြီလို့ စိတ်ထဲမှာ ထင့်သွားကြတယ်။

နေ့လယ်ကျမှ မျှော်လင့်မထားတဲ့ သတင်းဆိုးကြီးကို ကြားရတယ်။
ဗိုလ်ချုပ်ဆောင်ဆန်းနဲ့ ဝန်ကြီးအဖွဲ့လုပ်ကြံခံရတယ်တဲ့။ အဖေပါ၊ မပါ ချက်ချင်းမသိသေးဘူး။
နောက်မှ ရုံးကဖုန်းဆက်ပြောတယ်။ အဖေအသက်ဘေးမှ လွတ်ပေမယ့် ဗိုလ်ချုပ်နဲ့ သေဆုံးသူများအတွက်
မဖော်ပြနိုင်တဲ့ ဝမ်းနည်းကြေကွဲမှုကို ခံစားရတယ်။

အဖေအိမ်ပြန်မရောက်ခင် ညနေကပင် လက်နက်ကိုင်ရဲတပ်သား အနည်းငယ် လုံခြုံရေးအတွက်ဆိုပြီး
အိမ်ရောက်လာတယ်။ အဖေအိမ်ပြန်ရောက်တော့ အတော်ညဥ့်နက်နေပြီ။ အစ်မကြီးက အဖေကိုဖက်ပြီး
ဗိုလ်ချုပ်ကောပါသလားလို့မေးတယ်။ ဗိုလ်ချုပ်ပါတယ်ပြောတော့ “ဖေဖေနိုင်ငံရေး မလုပ်ပါနဲ့တော့” လို့ဆိုပြီး
ငိုပြောတယ်။ အဖေက “သမီး.. ခုအချိန်ဟာ ပိုအရေးကြီးတယ်။ တိုင်းပြည်မှာအာဏာလိုချင်တဲ့သူတွေက
များနေတယ်။ ရှေးတုန်းကလို ရှင်ဘုရင်ကိုသတ်ရင် ရှင်ဘုရင် ဖြစ်မယ်လို့ ထင်နေကြတယ်။ ရှေ့ဘာဖြစ်မလဲ
မသိသေးဘူး” လို့ ပြန်ပြောတယ်။ အဖေ့ကြည့်ရတာ စိတ်တွေမတည်ငြိမ်၊ အတော်လှုပ်ရှားနေပုံရတယ်။
ခုခေတ်ဆရာဝန်ကြီးတွေအဆိုရ (trauma) ဖြစ်တာပေါ့။ ဒီနေ့မနက်ပဲ အစည်းအဝေးမှာအတူထိုင်စကားပြောကြပြီး
ချက်ချင်းကြီး မျက်စိရှေ့မှာ လုပ်ဖော်ကိုင်ဖက်တွေ သွေးအရဲရဲနဲ့ သေဆုံးသွားတာမြင်ရတော့
စိတ်တွေချောက်ချားပြီး သွေးလန့်နေမှာပေါ့။

နောက်မှ အဖေက စိတ်ကိုထိန်းပြီး မနက်ကဖြစ်စဉ်ကို ပြောပြတယ်။ အရင်တုန်းက ဘုရင်ခံရဲ့
အတိုင်ပင်ခံကောင်စီ (Governor's Executive Council) အစည်းအဝေးကို အလုံလမ်းမှာရှိတဲ့ ဘုရင်ခံအိမ်တော်
(မဆလခေတ် လွှတ်တော်ဝင်းရှိ ယခင်သမ္မတ အိမ်တော်)မှာလုပ်တယ်။
ဘုရင်ခံကိုယ်တိုင်လည်း ဥက္ကဋ္ဌအနေနဲ့ ထိုင်တယ်။
တကယ်တော့ ဘုရင်ခံနဲ့ ကောင်စီဆိုတာ ဝန်ကြီးအဖွဲ့ (Cabinet) ပါပဲ။

လွတ်လပ်ရေးရခါနီးတော့ ဘုရင်ခံက အစည်းအဝေးမတက်တော့ဘူး။ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကဦးဆောင်ပြီး
အတွင်းဝန်များရုံး (Secretariate) (ယခင်ဝန်ကြီးများရုံး)မှာ တစ်ပတ်တစ်ကြိမ်လုပ်တယ်။
ပုံမှန်မှာ အစည်းအဝေးကို ဇူလိုင်လ ၁၆ ရက်မှာလုပ်ဖို့ စီစဉ်ထားပေမယ့် လွှတ်တော်အစည်းအဝေးနဲ့တိုက်နေလို့
၁၉ ရက် စနေနေ့ကိုရွှေ့ပြီး ခေါ်လိုက်တာဖြစ်တယ်။

အစည်းအဝေးလုပ်တဲ့ ခန်းမကြီးက (ဂ)ပုံသဏ္ဌာန် (U shape) ဖြစ်တယ်။
စားပွဲရဲ့ အလယ်တည့်တည့်မှာ ဗိုလ်ချုပ်ကထိုင်ပြီး
စားပွဲရဲ့ ဘယ်ဘက်မှာ ဝန်ကြီးများအဖွဲ့အတွင်းဝန်ဦးရွှေဘော် (ICS) ထိုင်တယ်။
နောက်ပြီး ဝန်ကြီးဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြနဲ့ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းတို့ ထိုင်ကြတယ်။
စားပွဲရဲ့ညာဘက် မှာ ဝန်ကြီးသခင်မြ၊ ဦးရာဇာတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်းနဲ့ မန်းဘခိုင်တို့ အစဉ်အတိုင်း
ထိုင်ကြတယ်။ ဗိုလ်ချုပ်နဲ့ ဝန်ကြီးခြောက်ဦးပါတယ်။

အစည်းအဝေးက ၁ဝ နာရီ ၁ဝ မိနစ်လောက်မှာစတယ်။ နာရီဝက်ခန့်အကြာမှာ စစ်ဝတ်စုံဝတ်ထားတဲ့
သေနတ်ကိုင်လေးယောက်ဆင်နားရွက်တံခါးကိုဖွင့်ပြီး အစည်းအဝေးခန်းထဲကို ရုတ်တရက်ဝင်လာတယ်။
ရှေ့ဆုံးက ဝင်လာတဲ့ သေနတ်သမားက (ဂ)ပုံစံစားပွဲ အလယ်မှာ ခြေစုံရပ်၊ နေရာယူပြီး ဗိုလ်ချုပ်အောင်ဆန်းကို
တည့်တည့်ချိန်စပစ်တယ်။ ဗိုလ်ချုပ်က ထိုင်ရာကထပြီး လက်ကာပြတယ်။ ပါးစပ်ကလည်း တစ်ခုခုအော်ပြောတယ်။
အဲဒီအချိန်မှာ တခြားသေနတ်သမားတွေကပါမောင်းပြန်သေနတ်တွေနဲ့ တရစပ်ပစ်ခတ်နေတော့ သေနတ်သံကလွဲပြီး
ဘာသံမှမကြားရတော့ဘူး။ သေနတ်သမားတွေဟာ ဗိုလ်ချုပ်ကိုပစ်ပြီး ညာဘက်မှာရှိတဲ့ လူတွေဆီကို သဲသဲမဲမဲ
ပစ်တယ်။ နောက်ဘယ်ဘက်ကလူတွေကို ဆက်ပစ်တယ်။
အစည်းအဝေးခန်းတစ်ခုလုံးဟာလည်း မီးခိုးတွေနဲ့ပြည့်နေတယ်။

အဲဒီအခိုက်အတန့်လေးမှာ ဗိုလ်ချုပ်ရဲ့ ဘယ်ဘက်မှာရှိတဲ့ အတွင်းဝန်ဦးရွှေဘော်နဲ့ ဝန်ကြီးပျော်ဘွယ်ဦးမြတို့ဟာ
ရုတ်တရက်ထပြီး ပြတင်းပေါက်ရှိရာကို ပြေး၊ ပြတင်းပေါက်ကိုကျော်၊ တံစက်မြိတ်အတိုင်း ကပ်ပြီးလျှောက်ပြီး
ဦးရွှေဘော်ရုံးခန်းမှာ ခေတ္တငြိမ်နေလိုက်တယ်။ တစ်ချိန်တည်းမှာ ဝန်ကြီးဦးဘဂျမ်းက ထိုင်ရာမှကြမ်းပြင်ကို
လှဲချလိုက်ပြီး သူနဲ့ကပ်ထိုင်နေတဲ့ ဝန်ကြီးဦးအောင်ဇံဝေရဲ့ လက်ကိုဆွဲချပြီး နှစ်ယောက်သား ကြမ်းပြင်မှာ
မှောက်နေလိုက်တယ်။ သေနတ်သမားများဟာမတ်တတ်ရပ် အားရပါးရပစ်ပြီးနောက် ဒူးထောက်လျက် စားပွဲများ
အောက်ရှိလူများကို ဝှေ့ရမ်းပစ်ခတ်လိုက်သေးတယ်။ ကျည်ဆည်တစ်တောင့်က ဝန်ကြီးဦးဘဂျမ်းရဲ့
ညာဘက်လက်သူကြွယ်ထိပ်ကို လာမှန်တယ်။ ဒါပေမဲ့ ကံကောင်းလို့ ဒဏ်ရာမပြင်းထန်ဘူး။
ဒီလေးယောက်ဟာ သတိရှိပြီး ကံကောင်းလွန်းလို့ အသက်ဘေးမှလွတ်မြောက်ခဲ့ကြတယ်။
ကျန်တဲ့ဗိုလ်ချုပ်နဲ့ ဝန်ကြီးခြောက်ယောက်ကတော့ အားလုံးသိတဲ့အတိုင်း နေရာမှာပင် ကျဆုံးခဲ့ရရှာတယ်။

အဖေက အတွင်းဝန် ဦးရွှေဘော်ရုံးခန်းရောက်တော့ အခြေအနေကိုစောင့်ပြီး ဘုရင်ခံဆီ တယ်လီဖုန်းဆက်
သတင်းပို့တယ်။ အဲဒီတုန်းက ဘုရင်ခံက Sir Hubert Rance ။ ဘုရင်ခံက ချက်ချင်း မော်တော်ကားနဲ့ လုံခြုံရေးပါ
ထည့်လွှတ်လိုက်တယ်။ အဖေနဲ့ ဝန်ကြီးဦးအောင်ဇံဝေတို့ ဘုရင်ခံအိမ်လိုက်သွားတယ်။
ဟိုရောက်တော့ trauma ကြောင့်နှစ်ယောက်စလုံး စကားကောင်းကောင်းမပြောနိုင်ကြဘူး။
ဘုရင်ခံက ရိပ်မိပြီး Cognac နဲ့ ဖန်ခွက်နှစ်ခွက်ချပေးတယ်။ နည်းနည်းစီသောက်ပြီးမှ နှစ်ယောက်သား
ပြောနိုင်ဆိုနိုင်ဖြစ်လာတယ်။ ဘုရင်ခံက တိုင်းပြည်အခြေအနေကို တည်ငြိမ်အောင် အစိုးရအဖွဲ့ အမြန်ဆုံးဖွဲ့ဖို့
ညွှန်ကြားတယ်။ အဖေက သခင်နုနဲ့တိုင်ပင်ပြီးလုပ်စရာကိစ္စတွေကို အမြန်ဆက်လုပ်ကြတယ်။

အဖေက လယ်ယာစိုက်ပျိုးရေးဝန်ကြီးပါ။
ဒါပေမဲ့ ဝန်ကြီးဦးကျော်ငြိမ်း ပြည်ပခရီးသွားနေလို့ ပြည်ထဲရေးဝန်ကြီးတာဝန်ကို ယူထားရတဲ့အချိန်ဖြစ်တယ်။
အဲဒီအချိန်က ဗိုလ်တထောင်ရှိ စစ်လက်နက်ပစ္စည်းတပ်က လက်နက်တွေ ပျောက်တဲ့ကိစ္စကို စုံစမ်းနေဆဲဖြစ်တယ်။
ရန်ကုန်မြို့မှာလည်း ဗိုလ်ချုပ်ကိုလုပ်ကြံမယ့် ကောလာဟလ သတင်းတွေပြန့်နေတယ်။ ပုလိပ်မင်းကြီး
ဦးအောင်ချိန်(ရဲချုပ်)က ဂဠုန်ဦးစောနဲ့ပတ်သက်ပြီး မသင်္ကာဖွယ်သတင်းတွေ ရနေတယ်လို့ သတင်းပို့တယ်။
ဒါကြောင့် မှုခင်းရဲတပ်ဖွဲ့ကလည်း အေဒီလမ်းမှာရှိတဲ့ ဂဠုန်ဦးစောရဲ့ အိမ်အဝင်အထွက်ကို စောင့်ကြည့်နေတယ်။
ဒါနဲ့ အဖေက ပြည်ထဲရေးဝန်ကြီးအနေနဲ့ ဗိုလ်ချုပ်လုံခြုံရေးအတွက် အတွင်းဝန်များရုံးဂိတ်မှာ လက်နက်ကိုင်ရဲတွေ
ချထားလိုက်တယ်။ ယခင်က လုံခြုံရေးမထားဘူး။ ဒါပေမဲ့ ကံကြမ္မာကဖြစ်ချင်တော့ တစ်နေ့မှာ ဗိုလ်ချုပ်က
အတွင်းဝန်ရုံး လုံခြုံရေးဂိတ်က လက်နက်ကိုင်ရဲတွေကို တွေ့သွားတယ်။ ဒါတွေဘယ်သူချထားတာလဲလို့မေးတော့
အပါးတော်မြဲ (P.A) ဗိုလ်ထွန်းလှကပြည်ထဲရေးဝန်ကြီးပျော်ဘွယ်ဦးမြကလုံခြုံရေးအတွက်ချထားတာလို့ပြောလိုက်တယ်။

ဒီတော့ ဗိုလ်ချုပ်က အဖေ့ကိုခေါ်ပြီး “ကျွန်တော့်ကို မုန်းရင် ကျွန်တော့်ကို သတ်လိမ့်မယ်။
ဦးမြကိုမုန်းရင် ဦးမြကိုသတ်လိမ့်မယ်။ တစ်ဖွဲ့လုံးတော့ သတ်မှာမဟုတ်ပါဘူး။ မလိုပါဘူး” လို့ ပြောတော့ အဖေက
လက်နက်ကိုင် ရဲတွေကို ရုပ်ခိုင်းလိုက်တယ်။ ဗိုလ်ချုပ်က သူ့ကိုယ်သူယုံတယ်။ သူဟာ ပြည်သူအတွက်၊
လွတ်လပ်ရေးအတွက်၊ နေ့မအားညမနားလုပ်နေတဲ့လူ။
ငါ့လိုလူ သန့်သန့်ရှင်းရှင်း မတရားမလုပ်တဲ့သူကိုဘယ်သူက ဘာကြံမှာလဲ။
သူ့ကို မုန်းလို့ သတ်မယ့်သူမရှိလို့ ယုံကြည်တယ်။ သူ့အတွက် လုံခြုံရေးထားတာ လုံးဝမကြိုက်။
သူ့ကားပေါ်မှာ တပ်ကြပ်တစ်ယောက်သာ လိုက်ခွင့်ပြုတယ်။

လုံခြုံရေးနဲ့ပတ်သက်လို့ စစ်တပ်ကလည်း သတင်းတွေရလို့ ဗိုလ်မှူးစိန်မှန်က တပ်ရင်း(၆)က တပ်စုတစ်စုကို
လုပ်ကြံမှုဖြစ်မယ့် ၁၉ ရက် နေ့လယ် ၂ နာရီမှာ ဂဠုန်ဦးစောအိမ်ကို ဝင်ရှာဖို့ အားလုံး အဆင်သင့်လုပ်ထားပြီး
ဖြစ်တယ်။ ဒါပေမဲ့ ရန်သူကို လျှော့တွက်လို့ ရန်သူရဲ့ လက်ဦးမှုကို ခံလိုက်ရပြီး ဗိုလ်ချုပ်နဲ့ ဝန်ကြီးများ အသက်
ဆုံးရှုံးခဲ့ရတယ်။ အစိုးရအဖွဲ့ကို လုပ်ကြံမယ်ဆိုတာနဲ့ ပတ်သက်လို့ သတင်းတွေ၊ ကောလာဟလတွေ ထွက်နေ
တာတော့ ကြားနေတယ်။ ဒါပေမဲ့ ဒီလောက်ရက်ရက်စက်စက်လုပ်လိမ့်မယ်၊
မြန်မြန်လုပ်လိမ့်မယ်လို့တော့ မထင်ကြဘူး။

နိုင်ငံတော်လုပ်ကြံမှုကြီးမှာ ဥပစေဒကကံ မထိုက်လို့သေဘေးက လွတ်မြောက်ခဲ့သူ ပုဂ္ဂိုလ်လေးဦးရှိတယ်။
သူတို့ကတော့ ....
(၁) ဝန်ကြီး ဦးဘဂျမ်း၊
(၂) ဝန်ကြီး ဦးအောင်ဇံဝေ၊
(၃) ဝန်ကြီး ပျော်ဘွယ်ဦးမြ၊
(၄) အတွင်းဝန် ဦးရွှေဘော်တို့ဖြစ်တယ်။


သူတို့ဟာ အတိတ်ကံကောင်းလို့ သေနေ့မစေ့ သေဘေးမှလွတ်မြောက်ခဲ့ပေမယ့် သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များ
သူတို့မျက်စိအောက်မှာ ကျဆုံးသွားတဲ့ အနိဋ္ဌာရုံမြင်ကွင်းကိုတော့ တစ်သက်မေ့ပျောက်မည်မဟုတ်ပါ။
နှစ်စဉ် အာဇာနည်နေ့ရောက်ရင် ပြည်သူအားလုံး ဗိုလ်ချုပ်ဆောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို
လွမ်းဆွတ်သတိရကြတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နဲ့အတူ အစည်းအဝေးလုပ်နေပြီး လုပ်ကြံမှုကြီးက လွတ်မြောက်၍
သေကံမရောက် သက်မပျောက်ခဲ့သူတွေအကြောင်း သိသူနည်းပါလိမ့်မယ်။
ဒါကြောင့် ဒီဆောင်းပါးကိုရေးပြီး မျှဝေလိုက်ပါတယ်။

(ဝန်ကြီးပျော်ဘွယ်ဦးမြသည် ၁၉၅၃ခုနှစ်၊ ဒီဇင်ဘာ၁၄ရက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားပြီး
ဆောင်းပါးရှင် ဦးမျိုးအောင်သည် ပျော်ဘွယ်ဦးမြ၏ ဆဋ္ဌမမြောက်သားဖြစ်သည်။) 


အာဇာနည်နေ့ကိုမမေ့သော.....
မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ ဇူလိုင်)
   
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com