Wednesday, July 29, 2015

လူဂုဏ်ရနံ့သင်းပျံ့စေဖို့


အလုပ်ဟူသမျှဂုဏ်ရှိစွတဲ့။
အလုပ်လုပ်တဲ့သူတွေကဘဝကို ကြံ့ခိုင်မှုလုပ်နေတာနဲ့ တူတယ်။
ဘဝဆိုတာ ကြံ့ခိုင်မှုပြည့်ဝနေရတယ်။ ဒါမှကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကိုလေးစားမှာပါ။
ဂုဏ်ဒြပ်ဆိုတာ လေးစားမှုကနေ စတင်ပေါက်ဖွားလာခြင်းပဲ။
အလုပ်လုပ်ကိုင်ခြင်းအားဖြင့် ကိုယ့်ဘဝအတွက် လုံလောက်တဲ့ငွေကြေးရမယ်၊
ပြီးတော့ အများရဲ့လေးစားအားကျမှုကိုပါရရှိမယ်။

လူရယ်လို့ ဖြစ်လာရင် ကိုယ့်ဝမ်းစာတွက်လည်း လုပ်ရမယ်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း လုပ်ရမယ်။
တိရိစ္ဆာန်တွေတောင် သူ့ တို့မိသားစုအတွက် အလုပ်လုပ်ကြရတယ်။ လူ့ ဘဝ မှာ အောင်မြင်မှုဆိုတာလည်း
ရှိလေတော့ မဖြစ်မနေအလုပ် ကြိုးစားရမှာပါ။ တနည်းအားဖြင့် အလုပ်ကို ကြိုးစားခြင်းဟာ
တိုင်းပြည်အပေါ် အထောက်အကူပေးခြင်း တစ်မျိုးလည်းဖြစ်ပါတယ်။

ဒီအလုပ်က ပင်ပန်းလိုက်တာ၊ ဟို အလုပ်လေးဆို ကောင်းသားဆိုပြီး စိတ်အလိုလည်း လိုက်မနေပါနဲ့ ။
ဘယ်အလုပ်ဖြစ်ဖြစ် ထိထိရောက်ရောက်တကယ်လုပ်ရင် သက်တောင့်သက်သာရှိလှတာ တစ်ခုမှမရှိပါဘူး။
ဘဝ တစ်လျှောက်လုံးဟာ အလုပ်တွေ လုပ်နေရမှာ ဖြစ်ပါတယ်။
အလုပ်ရဲ့ ဂုဏ်ဟာ လူတစ်ယောက်ရဲ့တန်ဖိုးလည်း ဖြစ်ပါတယ်။

ငယ်တုန်းအရွယ်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့  အလုပ်တွေ ကြိုးစားလုပ်နေရသလို၊
အသက်ကြီးရင့်လာတဲ့အခါမှာ လည်းရရှိထားတဲ့ တန်ဖိုးလေး မပျောက်သွားအောင် ကြိုးစားလုပ်ကြရပြန်ပါတယ်။
အသက်တွေက တဖြည်းဖြည်းပြောင်းလဲလာပေမယ့် အလုပ်တွေကတော့ အချိန်တိုင်းကို နုပျိုနေတာပါ။
ဘယ်ချိန်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ အရွယ်သုံးပါးလုပ်လို့ရတဲ့ အလုပ်ဆိုတာအမြဲတမ်း ရှိနေတာပဲ။

ပင်ပန်းလို့ နားလိုက်ချင်တာဆိုတဲ့စကားဟာ တစ်ဘဝလုံးပြောလို့ကို ကုန်မှာမဟုတ်တော့ပါဘူး။
ညည်းမနေပါနဲ့ တော့။ မွေးကတည်းက သေသည်ထိ အလုပ်တွေ လုပ်နေရဦးမှာပဲ။
တစ်သက်လုံး ငြီးလို့ ကို ဆုံးမှာ မဟုတ်တော့ဘူး။ အားမတင်း နိုင်သေးချိန်၊ အားလျှော့စေမယ့် အတွေးတွေ
ဝင်မလာမိပါစေနဲ့ ။ အလုပ်တစ်ခုခုကို လုပ်နေခြင်းဖြင့် ဘဝ ကို တန်ဖိုးထားလိုက်ပါ။
လောကမှာ နေရာတစ်နေရာရဖို့ မလွယ်ဘူး။
ဘာလို့ လည်းဆိုတော့ အလုပ်လုပ်ချင်စိတ်ကလည်း ခက်ခက်ခဲခဲမွေးမြူနေရလို့ ပဲ။

အများကြီး မကြည့်နဲ့ ။ အလုပ်ခွင်တွေမှာပဲ ကြည့်ဦး။ အလုပ်ကြိုးစားတဲ့သူရဲ့ သတင်းဟာ တဖြည်းဖြည်းနဲ့ 
ရနံ့မွှေးပျံလာတာပဲ။ လူသတင်း လူချင်းဆောင်တော့ ဒီလူကို အလုပ်ရှင်က နေရာကောင်းပေးပြီး ချီးမြှင့်လိုက်တာပဲ။
ဒီတော့လူမှာရနံ့ဆိုတာလည်း ရှိတယ်ဆိုတာ သိထားရမယ်။ ဒီရနံ့ကအလုပ် ကြိုးစားခြင်းကနေ ထွက်လာတဲ့
လူရဲ့အမွှေးဆုံးရနံ့သာဖြစ်ပါတယ်။ ကိုယ်တိုင်လည်းခံစားရပြီး ကိုယ့်ပတ်ဝန်းကျင်လည်း
မွှေးပျံ့မှုကိုခံစားရနိုင်မှာ ဖြစ်ပါတယ်။

အားလုံးမိမိအလုပ်မှာပျော်ရွှင်ပါစေ။
မြန်မာအဲရင်းအဖွဲ့(၂ဝ၁၅ ဇူလိုင်)


Share:

1 comment:

  1. ပင်ပန်းတယ်လို့ညည်းညူ မယ်လို့စဉ်းစားလိုက်တိုင်း သမီးရဲ့အတွေးထဲမှာပေါ်လာတာက ဆရာ့ရဲ့ဆုံးမစကားပါ။ မလုပ်နိုင်တာကိုလုပ်နေခြင်းဟာ ကြိုးစားနေခြင်းဖြစ်တယ် ဆိုတဲ့စကားဟာ သမီးရဲ့ပင်ပန်းမှုတွေကိုမေ့ပျောက်သွားစေပါတယ်။

    ReplyDelete

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com