မဖြိုးမမနှင့် အဲရင်းအဖွဲ့တွေ့ဆုံမှု
မဖြိုးမမဆိုသူမှာ အင်မတန်လေးစားအတုယူဖွယ်ရာ မြန်မာနိုင်ငံသားရှမ်းအမျိုးသမီးတစ်ယောက်ဖြစ်ပါသည်။
မဖြိုးမမအကြောင်းကိုမိတ်ဆက်ပေးပါရစေ။ မဖြိုးမမသည် မြန်မာနိုင်ငံလွိုင်ကော်ဇာတိသူတစ်ဦးဖြစ်ပါသည်။
ငယ်စဉ်ကပင် ပညာကြိုးစားကာ ဂျပန်နိုင်ငံတွင်သွားရောက်ပညာတော်သင်ခွင့်ရခဲ့သူတစ်ဦးဖြစ်ပါသည်။
ဂျပန်တွင်ပညာတော်သင်ကာလများကိုလည်း ကြိုးစားမှုများစွာ၊ စိန်ခေါ်မှုများစွာ၊ နာကျင်မှုများစွာကို အောင်မြင်ဖြတ်ကျော်ကာ
ဘဝကိုရင်ဆိုင်ခဲ့သူဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင် တက္ကသိုလ်ပြီးမြောက်ကာ လက်ရှိဂျပန်နိုင်ငံတွင်နေထိုင်နေသူဖြစ်ပါသည်။
အားလပ်သည့်အချိန်များတွင်လည်း အမိမြန်မာပြည်မှဂျပန်စာနှင့် ဂျပန်နိုင်ငံအကြောင်းကိုသိလိုသော ညီငယ်၊ ညီမငယ်များအား
Facebook တွင် "ဂျပန်အကြောင်း ၊ ဂျပန်စကား" ဟူသောPage ကိုရေးသားကာ သိလိုသည်များကိုဖြေကြားပေးနေခြင်း၊
ဂျပန်စာနှင့်ဆိုင်သော သင်ခန်းစာများကို အွန်လိုင်းစနစ်ဖြင့်သင်ကြားပေးနေသော လေးစားဖွယ်အမျိုးသမီးဖြစ်လေသည်။
ဆရာမကိုမြင်ရသည်မှာ အမြင်အားဖြင့် ရုပ်ရည်ပြေပြစ်သည်။ အရမ်းအမောင်းကောင်းသည်။ အသားဝင်းသည်။
မြန်မာဆန်စွာ ဝတ်စားထားသည်။ စကားပြောအေးချမ်းသည်။ တိုင်းရင်းသူဖြစ်သောကြောင့် စကားအနည်းငယ် ဝဲသော်လည်း နားထောင်ရလွယ်ကူသည်။
စိတ်သဘောထားကို ပြောပြရလျှင်မူ သူတစ်ပါးအားရှင်းပြ၊ သင်ပြရာတွင်စေတနာပါသူဖြစ်သည်။
မိမိသိထားတတ်ထားသည်များကို မခိုမကပ်ပြောပြလိုသူ၊ သဘောဖြူ သူ၊ မနောဖြူ သူဟုပြောရမည်ဖြစ်လေသည်။
(ကျွန်တော်၏ အပြောအဆိုမတတ်မှုကို သည်းခံပေးပါရန်တောင်းပန်အပ်ပါသည်။)
ယခုစာဖတ်နေသူသည်လည်း မဖြိုးမမ၏ Facebook Page တွင် Join Group လုပ်ပြီး ဂျပန်စာအခမဲ့သင်ယူနိုင်ပါသည်။
Facebook ၏ Search Box တွင်"ဂျပန်အကြောင်း၊ ဂျပန်စကား" ဟုရိုက်ပြီးရှာဖွေနိုင်ပါသည်။
........................................................................................................................................
မဖြိုးမမသည် အမိမြန်မာပြည်သို့တစ်နှစ်လျှင် တစ်ခေါက်ပြန်လာလေ့ရှိရာ ယခု ၂ဝ၁၅ ခုနှစ်မြန်မာပြည်ပြန်အလာတွင်မူ
ယခင်နှစ်များနှင့်မတူ တမူထူးခြားစွာဖြင့်၊ မြန်မာကျောင်းသားများအကျိုးကိုရှေးရှုကာ ထူးခြားသောအစီအစဉ်တစ်ရပ်ကိုပြုလုပ်ခဲ့ပါသည်။
ထိုအစီအစဉ်မှာ မနောရမ္မပညာဒါနကျောင်းတွင် ကျောင်းသားများကို ဂျပန်နိုင်ငံအကြောင်းသင်ကြားရှင်းပြပေးခြင်းဖြစ်သည်။
မူလပထမမှာ ၈-၈-၂ဝ၁၅ (စနေနေ့)တစ်နေ့တည်းသာ ပြုလုပ်မည့်အစီအစဉ်ဖြစ်သော်လည်း လက်တွေ့တွင်မူ
ကျောင်းသားများသည် ဂျပန်နိုင်ငံတွင်ပညာသင်ယူခြင်းဆိုင်ရာများအကြောင်းမေးမြန်းမှုတွင် အချိန်မလုံလောက်မှုများ
ဖြစ်ပေါ်လာပြီး ၉-၈-၂ဝ၁၅(တနင်္ဂနွေ)နေ့ကိုပါ ထပ်မံစီစဉ်လိုက်ရတော့လေသည်။
ကျောင်းသားများအပေါ်စေတနာအပြည့်အဝဖြင့်လာရောက်ရှင်းလင်းပေးသော (ဆရာမ) မဖြိုးမမကို အထူးပင်ကျေးဇူးတင်ကြောင်း
ဤနေရာမှ ပြောကြားလိုက်ပါရစေ။ ထို့အပြင် (ဆရာမ) မဖြိုးမမကို မနောရမ္မသို့လာရောက်ဟောပြောနိုင်စေရန်
ဆောင်ရွက်သော အဲရင်းအတန်းမှကျောင်းသားတစ်ဦးကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားလိုပါသည်။
နောက်နှစ်များမှာလည်း အခါသင့်လို့ အခွင့်ကြုံခဲ့ပါက ယခုနှစ်အတိုင်း ဂျပန်နိုင်ငံအကြောင်းကို မြန်မာကျောင်းသားများသိစေရန်
ဟောပြောပွဲ ထပ်မံဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။
...................................................................................................................................
(ဆရာမ)မဖြိုးမမ လာရောက်ဟောပြောစဉ်မှ ပုံရိပ်များ
* ဆရာမ မဖြိုးမမ ဟောပြောနေစဉ်
* မေးခွန်းများကို ဖြေကြားနေစဉ်
* ကျောင်းသူတစ်ဦးမှ သိလိုသည်များကိုမေးမြန်းနေစဉ်
* မနောရမ္မမှ ဂျပန်စာသင်တန်းသားများ
............................................................................................................................................
မြန်မာကျောင်းသားများအပေါ် စေတနာပြည့်ဝစွာဖြင့် ၂ရက်တိတိလာရောက်ဟောပြောပေးသော ဆရာမ မဖြိုးမမ အားအထူးကျေးဇူးတင်ကြောင်း အဲရင်းအဖွဲ့ကိုယ်စားထပ်လောင်းပြောပြပါရစေ။
ဆက်ပိုင် (မြန်မာအဲရင်းအဖွဲ့)
အားလုံးကိုကျေးဇူးတင်ပါသည်။





0 comments:
Post a Comment
မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။