Wednesday, May 27, 2015

အဖေဆိုသည်မှာ. . .









 ဟိုး........
ကျွန်တော်ငယ်ငယ် ကလေးလေးဘဝ
စကားပြောတတ်စ အရွယ်တုန်းကပေါ့
အဖေနဲ့ အမေကမေးတယ်။

ဖေဖေနဲ့မေမေ ဘယ်သူ့ ကိုပိုချစ်သလဲတဲ့။
ကျွန်တော် ဖြေတယ် ''မေမေ့ကို ပိုချစ်တယ်''
အမေကပြုံးပြီးအဖေ့ကိုကြည့်တယ်။
အဖေကတော့ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်နေလေရဲ့. . .

အဲဒီလူထူးဆန်းကြီးအကြောင်း ကျွန်တော့်ခေါင်းသေးသေးလေးနဲ့
စဉ်းစားလို့မရခဲ့ဘူး. . . .


ဒီလိုနဲ့ . .
ကျွန်တော်အဝေးရောက်ခဲ့တယ်။
အပြုံးတုတွေကြားကျွန်တော်ယဉ်ပါးလာတော့
အဖေ့အပြုံးကို ပြန်မြင်လာတယ်. .


အဖေရယ်. . .
အမေ့ကိုပိုချစ်တယ်ပြောတော့
အဖေတကယ်ပျော်လို့ပြုံးခဲ့တာလား. . .

ကျွန်တော့်ရင်ထဲစို့နင့်နေတယ်။

ဟုတ်တယ်. . အဖေဆိုတာ. . .
ခံစားချက်ကိုမျိုသိပ် ကျွန်တော်တို့အိပ်မက်တွေ အရောင်လက်ဖို့
တိတ်တိတ်ကလေး ပေးဆပ်ခဲ့တဲ့သူ. . .


ကျွန်တော်ငယ်ငယ်က မိသားစုထမင်းဝိုင်းလေး
ခုပြန်တွေးတိုင်း မျက်ရည်ဝဲတယ်။
တစ်ခါတစ်ရံချက်ဖြစ်တဲ့ ကြက်သားဟင်းချက်တဲ့နေ့ကလေးပေါ့
အမေကအသည်းအမြစ်ကလေးကို အဖေ့ပန်းကန်ထဲဦးချတယ်။


အဖေရယ်လေ. . .
အသည်းအမြစ်လေးကို လေးပိုင်းပိုင်း
ကျွန်တော်တို့မောင်နှစ်မလေးယောက်ကို
မျှပေးပြီး ကြက်ခြေထောက်နဲ့လည်ပင်းရိုးကို
သူ့ ပန်းကန်ထဲထည့်စားတယ်။


ကျွန်တော်အဖေ့ကိုမေးတယ်။
အဖေကဘာလို့အရိုးတွေစားတာလဲလို့
အဖေကပြုံးပြုံးကြီးဖြေတယ်။
အဖေက အရိုးတွေကြိုက်လို့ပေါ့ သားရယ်တဲ့။
အဲဒီလူထူးဆန်းကြီးအကြောင်း ကျွန်တော့်ခေါင်းသေးသေးလေးနဲ့

တွေးမရခဲ့ဘူး။

အေခု မုသားတွေကြား 

ကျွန်တော်အသားကျလာတော့
အဖေ့စကားသံတွေပြန်ကြားတယ်။
အဖေရယ်. . .အဖေကြိုက်တဲ့ အရိုးတွေက
တကယ်များချိုမြိန်ခဲ့တာလား။


ကျွန်တော့်ရင်ထဲစို့နင့်လာတယ်။
ဟုတ်တယ်. . . အဖေဆိုတာ. . .
ဆူးခင်းလမ်းပေါ် ရဲရဲလျှောက်
ကျွန်တော်တို့ဘဝတွေ အရောင်တောက်ဖို့
မိုးကောင်ကင်ကို ဖောက်ခဲ့တဲ့သူ. . .


ငယ်ငယ်က အမေ့လက်ဖုဝါးလေးနဲ့ဆော့ကစားနေတုန်း
အဖေကသူ့လက်ဖဝါးကိုထိုးပေးခဲ့ဖူးတယ်။
ကျွန်တော်ပြောခဲ့ဖူးတယ်။
မကိုင်ချင်ဘူး အဖေ့လက်တွေကကြမ်းတယ်။
အဖေက ကျွန်တော့ပါးလေးမွှေးမွှေးပေးပြီး

ပေါက်တူးတစ်လက်နဲ့ လယ်တောထွက်သွားတယ်။
အဲဒီလူထူးဆန်းကြီးအကြောင်း ကျွန်တော့်ခေါင်းသေးသေးလေးနဲ့
တွေးလို့မရခဲ့ဘူး. . .

ဒီနေ့ လောကလမ်းထဲ
စမ်းတဝါးဝါးနဲ့ ငွေတွင်းကနက်တယ်
အဖေ့လက်ဖဝါးတွေ ဘာကြောင့်ကြမ်းလဲ ကျွန်တော်သိပြီ။


ကျွန်တော့်ရင်ထဲ စို့နင့်လာတယ်။
ဟုတ်တယ် အဖေဆိုတာ
ကြယ်တစ်စင်းလို မမှိတ်မသုန်အလင်းနဲ့
ကျွန်တော်တို့နင်းဖို့ ဘဝကို မြေလိုခင်းပေးခဲ့တဲ့သူ. . .


မနေကတော့
အမေ့အိမ်လေး ကျွန်တော် အပြေးရောက်ခဲ့မိတယ်
ငါ့သားအနေအစားဆင်းရဲလာတယ် အသားဟင်းလေးချက်ပါတဲ့. . .


အဖေ့စကားသံတွေကမပီပြင်ဘူး
အဖေ့သွားတွေ အရင်လို အစီအရီမရှိကြတော့ဘူးလေ
တိုက်တိုက်ဆိုင်ဆိုင် အမေကြက်သားဟင်းချက်တယ်
ထမင်းဝိုင်းလေးက အရင်လို လူမစုံတော့ဘူး
အမေကတော့ ဝတ္တရားမပျက် အဖေ့အတွက် ဦးချမြဲ
အသည်းအမြစ်ကလေးပါပဲ. . .


အဖေရယ်လေ
တုန်တုန်ရင်ရင် သူ့လက်ကလေးနဲ့
ကျွန်တော့်ပန်းကန်ထဲ ထည့်ဖို့ပြင်နေလေရဲ့
ကျွန်တော်အဖေ့လက် ရှုံ့ရှုံ့လေးကိုဖွဖွကိုင်ပြီး အဖေစားပါအဖေရယ်လို့  ပြောမိတယ်
ကျွန်တော့်ပါးပြင်ပေါ် မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာတယ်။


ကျွန်တော်အဖေ့ကို လက်အုပ်ကလေးချီလိုက်ပြီး
အမေ့ဘက်လှည့်လို့ ပြောလိုက်တယ်။
''အမေ အဲဒီကြက်ခြေထောက်နဲ့လည်ချောင်းရိုး
ကျွန်တော့ပန်းကန်ထဲထည့်ပေးပါ ''
အဖေက ကျွန်တော့်ကိုပြုံးပြုံးကြီးကြည့်နေလေရဲ့
မျက်ဝန်းမှာတော့ မျက်ရည်စတွေနဲ့. . .


ကျွန်တော်အဖေ့လည်ပင်းလေးကို မွှေးမွှေးပေးရင်း တစ်ချက်ရှိုက်လိုက်မိတယ်။
ဟုတ်တယ်. . .အဲဒီလူထူးဆန်းကြီးအကြောင်း
ကျွန်တော် ဒီနေ့ကောင်းကောင်းသိခဲ့ပါပြီ. . . .။
ရှိခိုးဦးချကန်တော့ပါရစေ အဖေ။


လောကကြီးကိုအလှဆင်နေသောဖခင်မေတ္တာကိုတမ်းတလျှက်.....

မြန်မာအဲရင်းအဖွဲ့(၂ဝ၁၅၊ မေလ)
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com