Friday, May 29, 2015

သစ်သားခွက်လေး


တစ်ခါတုန်းက အဖိုးအိုတစ်ဦးဟာ ရွာမှာတစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။ တစ်နေ့တော့အဖိုးအိုက သူ့သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေရှိတဲ့နေရာမှာ သွားနေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ် ..။ 

ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သား၊ချွေးမနဲ့မြေးကလေးတို့နေတဲ့ အိမ်ကိုရောက်လာပါတယ်။ စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုကဝမ်းပမ်းတသာ
ကြိုဆိုကြတယ် ။အိမ်ဦးခန်းမှာနေရာပေးကြတယ် ။ ဒီလိုနဲ့အဖိုးအိုဟာသူ့သားမိသားစုနဲ့
 အတူနေထိုင်ရင်း တစ်ပတ်တိတိအချိန်ကိုရောက်လာခဲ့တယ်။

နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ အားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။ အဖိုးအိုရဲ့ လက်တွေကအသက်အရွယ်ကြောင့် တုန်ယင်နေခဲ့တယ် ။ တခါတခါ ဇွန်းနဲ့ခက်ရင်းတွေလွတ်ကျသလို ..တခါတခါမှာလည်း ပန်းကန်ထဲကထမင်းတွေဟာဘေးနားကိုဖိတ်လိုဖိတ် ကြမ်းပြင်ပေါ်ကျလို့ကျနဲ့ပေပွနေခဲ့ရတယ်။ တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူနဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။ 

သူတို့တိုင်ပင်ကြတယ် ။
 “ အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနိုင်တော့ဘူး။ အဖေက ထမင်းစားရင်လည်းအသံမြည်တယ် ညစ်ပတ်နေ တာပဲ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့တစ်ခုခုလုပ်ရအောင် ” လို့ မိန်းမဖြစ်သူကိုတိုင်ပင်တယ် ။ 

ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်းတစ်ဝိုင်းတည်းအတူစားခွင့်မပေးတော့ပဲ အခန်းထောင့်လေးမှာ စားပွဲခုံသေးသေးလေးနဲ့ ကျွေးပါတော့တယ် ။ အဖိုးအိုဟာ
ကြွေပန်းကန်နဲ့စားတဲ့အခါမှာလည်း ခဏခဏပန်းကန်တွေကျကွဲတဲ့အတွက် သားဖြစ်သူကသစ်သားခွက်ကလေး လုပ်ပြီးအဖိုးအိုကိုကျွေးတယ် ။ အဲဒီအချိန်ကစလို့ အဖိုးအိုဟာတိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်းစားပွဲလေးမှာစားရပါတယ် ။ 

တခါတခါသားဖြစ်သူနဲ့ချွေးမဖြစ်သူရဲ့ ဒေါသတကြီးဆူပူကြိမ်းမောင်းသံတွေကိုလည်း
ခံရသေးတယ် ။ ဒီလိုနဲ့တစ်နေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့မှာငြိမ်ငြိမ် ကလေးထိုင်ပြီး တစ်ခုခုကိုစိတ်ဝင်တစားလုပ်နေတာ တွေ့လိုက်ရတယ် ။ ဒီတော့ သားဖြစ်သူဆီသွားပြီး မိဘတွေကချိုသာတဲ့စကားနဲ့မေးလိုက်တယ် ။ “ သား ဘာလုပ်နေတာလဲ ဟင် ” သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ် ..။ 

“ သားလည်း အဖေ့တို့အမေတို့လိုပဲ အဖေအမေတို့ကြီးလာရင်ကျွေးဖို့ သစ်သားခွက်ကလေး လုပ်နေတာပါ။ ” အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူဆက်လုပ်နေခဲ့တယ်။ 
မိဘတွေဟာ သားဖြစ်သူစကားကိုကြားပြီး အလွန်ပဲထိတ်လန့် တုန်လှုပ်သွားခဲ့ရတယ်။ 
သူတို့ ဘာစကားတစ်ခွန်းမှမပြောနိုင်ဘူး တုန်လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေ မျက်ရည်တွေ စီးကျလာခဲ့ရတယ်။ သူတို့အမှားကိုသူတို့ ထင်းကနဲမြင်သွားခဲ့ရတယ် ။ အိမ်ထဲကိုလှမ်းကြည့်လိုက်တော့အဖိုးအိုက တိတ်ဆိတ်စွာ သူတို့ကို ငေးနေတာတွေ့လိုက် ရပါတော့တယ် ။
===================================
သင်လည်းတစ်နေ့အဖိုးအိုဖြစ်လာမှာပါပဲ။ မိဘတွေကိုချစ်ခင်ကြင်နာယုယပြီး ကိုယ့်မျိုးဆက်တွေအတွက်မေတ္တာတရားကိုပြသပါ။ ကလေးတွေဟာ သင်တို့အပြုအမှုတွေကိုမြင်တယ်..ကြားတယ်..လိုက်မှတ်သားတယ်..။ သင်တို့ပြုသမျှဟာသင်တို့ထံ ပြန်လာပါ လိမ့်မယ် ။ တစ်နေ့နေ့မှာကိုယ်ဟာသားတစ်ယောက်

ပြီးတော့ဖခင်တစ်ယောက်ပြီးတော့ အဖိုးအိုတစ်ယောက် ဖြစ်လာဦးမှာပါပဲ ။ မသေခင်လေးကျွေးရတဲ့ မိဘအတွက်ထမင်းဟာ သူတို့မြိုချလိုက်တိုင်း 
မနင်..ပါစေနဲ့ ။ လျောလျောရှူရှူ ၀င်ပါစေ ..။ 

 “ မိဘကျေးဇူးဆပ်နိုင်ကြပါစေ ” 

ကြိုးစားသူတို့ဆုံဆည်းရာ မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ မေလ)
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com