Thursday, July 2, 2015

ကိုယ့်ရဲ့အလုပ်ရှင်ကို ဘယ်တော့မှမပြောသင့်တဲ့စကားများ


ဒီပိုစ့်လေးကိုဖတ်ပြီး လုပ်ငန်းခွင်အသီးသီးမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေအနေနဲ့ ဆင်ခြင်သတိပြုစရာ အချက်ကလေးတစ်ခုရသွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ရေးသားတင်ပြပေးခြင်းဖြစ်ပါ တယ်။

မသိဘူး
 
အလုပ်နဲ့ပတ်သက်တာကိုပဲဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုခုကိုပဲဖြစ်ဖြစ် မေးမြန်းတဲ့အခါ မသိဘူးလို့ အလွယ်တကူ ဖြေလေ့ရှိကြပါတယ်။ မေးခွန်းတိုင်းအတွက် ကိုယ့်ရဲ့ အဖြေကမသိဘူးဖြစ်လာတဲ့အခါ အလုပ်ရှင်က ကိုယ့်အပေါ် စိတ်ပျက်စေပါတယ်။ ကိစ္စရပ်တိုင်းမှာ ကိုယ်မသိဘူး ဆိုရင်တောင်ဟုတ်ကဲ့ ကျွန်တော် ကြိုးစားပြီး ရှာကြည့်လိုက်ပါ့မယ်၊ ကြိုးစားပြီး စုံစမ်းလိုက်ပါ့မယ်ဆိုတဲ့အဖြေမျိုးကိုပဲ အလုပ်ရှင်တွေကလိုချင်ကြတာပါ။ အဲဒီ အဖြေမျိုးရတာကိုပဲကျေနပ်ကြတာပါ။ ကိုယ့်ရဲ့ အလွယ်တကူ မသိဘူးဆိုတဲ့အဖြေကြောင့် အလုပ်ရှင်ရဲ့အားကိုးအားထားပြုရတဲ့ ဝန်ထမ်းတစ်ယောက်မဖြစ်နိုင်တော့ပါဘူး။ ဒီစကားလုံးကို မပြောမိစေဖို့ ဆင်ခြင်စေလိုပါတယ်။

မလုပ်နိုင်ဘူး
ကိုယ့်ရဲ့ခေါင်းဆောင်တစ်ယောက်က တာဝန်တစ်ခုပေးအပ်တဲ့အခါ ကြိုးစားမကြည့်ရသေးခင်မှာ ကျွန်တော်၊ ကျွန်မ မလုပ်နိုင်ဘူးဆိုတဲ့ စကားကို ဘယ်တော့မှမပြောသင့်ပါဘူး။ ဒီစကားက ကိုယ့်ရဲ့အလုပ်ရှင်က ကိုယ့်ကို စိတ်ပျက်သွားစေပါတယ်။ အဲဒီစကားကို ပြောလိုက်တာက ဝန်ထမ်းတစ်ယောက်အနေနဲ့ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုအားနည်းပြီး၊ အခွင့်အရေး အခွင့်အလမ်းကိုလိုလိုလားလားမရှိဘူးလို့ အလုပ်ရှင်က ထင်မြင်ယူဆသွားစေပါတယ်။ အလုပ်ရှင်က ကိုယ့်ကိုတာဝန်တစ်ခုခုပေးအပ်တဲ့အခါ အဲဒီစကားလုံးကို မပြောမိစေဖို့ သတိပြုစေလိုပါ တယ်။

ဒီအပိုင်းက ကျွန်တော့်အလုပ်မဟုတ်ဘူး
အလုပ်ရှင်က ကိုယ့်ရဲ့အလုပ်တာဝန်မဟုတ်တဲ့ အလုပ်တစ်ခုခုကိုလုပ်ပေးဖို့ အကူအညီတောင်းတဲ့အခါမှာ ဒီအပိုင်းက ကျွန်တော့်အလုပ်မဟုတ်ဘူး၊ ဒီအလုပ်က ကျွန်မရဲ့အလုပ်တာဝန်နဲ့ မသက်ဆိုင်ဘူး စသဖြင့် ငြင်းဆိုတတ်တာမျိုးကိုလည်း ရှောင်သင့်ပါတယ်။ တစ်ခါတစ်ရံ ကိုယ့်ရဲ့အလုပ်ရှင်က ကိုယ်လုပ်နိုင်မယ်ထင်တဲ့ အလုပ်တစ်ခုခုကို လုပ်ပေးဖို့အကူအညီ တောင်းတဲ့အခါ ခေါင်းရှောင်လိုက်တာမျိုး က သူ့ရဲ့အားကိုးရတဲ့၊ ယုံကြည်ရတဲ့ ဝန်ထမ်းစာရင်းထဲမှာ ကိုယ့်ရဲ့နာမည်မရှိနိုင်တော့ပါဘူး။ လုပ်ငန်းခွင်မှာ ဒီလိုစကားလုံး မျိုးကိုလည်း မပြောမိဖို့သတိထားရပါမယ်။

အဲဒါက မဖြစ်နိုင်ဘူး
ဒီစကားတစ်ခွန်းကလည်း အလုပ်ခွင်မှာ မပြောသင့်တဲ့စကားအဖြစ်ပါဝင်နေပါတယ်။ ဘယ်သူကမှကိုယ့်ရဲ့ အဆိုးမြင်တဲ့အမြင်တွေ၊ အယူအဆတွေကို မကြားချင်ပါဘူး။ အဲဒီအထဲမှာ ကိုယ့်ရဲ့အလုပ်ရှင်လည်း ပါဝင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ အလုပ်ခွင်နဲ့ပတ်သက်တဲ့ အယူအဆတွေ၊ အတွေးအမြင်တွေ၊ မူဝါဒတွေ၊ စည်းမျဉ်း စည်းကမ်းတွေ ပြောဆိုကြတဲ့အခါ အဲဒါကတော့ မဖြစ်နိုင်ဘူးဆိုတဲ့ အဆိုးမြင်တဲ့ အယူအဆမျိုးနဲ့ မပြောမိစေဖို့ ရှောင်ကျဉ်ရပါမယ်။ ကိုယ့်ရဲ့ မှတ်ချက်၊ မေးခွန်းတွေက အဆိုးမြင်တဲ့ဘက်ကို ဦးတည်မသွားစေဖို့ အထူးဂရုစိုက်ရပါမယ်။ ဒါကြောင့် ကိုယ့်ရဲ့စကားလုံးရွေးချယ်မှုကိုအထူးသတိ ထားရပါမယ်။ အလုပ်မှာစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အခါမှာ အဲဒါကမဖြစ်နိုင်ဘူးလို့ ပြောဆိုမယ့်အစား ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းပညာရပ်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံးရင်ဆိုင်ကျော်လွှားရပါမယ်။

သူနဲ့တွဲပြီး အလုပ်မလုပ်နိုင်ဘူး
လုပ်ငန်းခွင်ထဲမှာ ကိုယ်နဲ့အဆင်မပြေဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်အတူတွဲမလုပ်နိုင်ဘူးဆိုတဲ့ စကားက ကိုယ့်ရဲ့ လုပ်ငန်းရှင်ကို ဘယ်တော့မှမပြောသင့်တဲ့ စကားတစ်ခွန်းပါ။ ဘယ်နေရာမှာမဆို တစ်ဦးတစ်ယောက်တည်း အလုပ်လုပ်လို့ မရပါဘူး။ တစ်ဦးတစ်ယောက်တည်း တော်နေ၊ ကောင်းနေလို့ လည်း လုပ်ငန်းတစ်ခုက မအောင်မြင်နိုင်ပါဘူး။ ဒီတော့ စုပေါင်းအင်အားနဲ့ ညီညီ ညွတ်ညွတ်လုပ်ကိုင်မှသာ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်လာနိုင်မှာပါ။
လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်းအဆင်မပြေဖြစ်တာက လုပ်ငန်းရှင်တွေ မကြိုက်ဆုံးအချက်တစ်ခုပါပဲ။ တချို့အလုပ်ရှင်တွေကတော့ အလုပ်ခေါ်ကတည်းက အရည်အချင်းလိုအပ်ချက်မှာ ပူးပေါင်းဆောင်ရွက်တတ်သူဖြစ်ရမယ်ဆိုတာကို လိုအပ်ချက်အနေနဲ့ ဖော်ပြလာကြပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ ဌာနတစ်ခုနဲ့တစ်ခု မညီညွတ်တာကို အလုပ်ရှင်တွေအနေနဲ့ အပြင်းထန်ဆုံး ကန့်ကွက်ထားပါတယ်။ ကိုယ့်ရဲ့ အလုပ်ရှင်ကိုလည်း လုပ်ငန်းခွင်ထဲမှာ ဟိုလူနဲ့တွဲမလုပ်နိုင်ဘူး၊ ဒီလူနဲ့တွဲလုပ်ဖို့ အဆင်မပြေနိုင်ဘူးလို့တော့ သွားမပြောမိစေနဲ့။ သူတို့အနေနဲ့ ကိုယ့်ကိုပူးပေါင်းဆောင်ရွက်မှုမရှိသူလို့ ထင် သွားနိုင်ပါတယ်။

ဒီအလုပ်ကို လုပ်လိုက်ရတဲ့အတွက် ဘာအကျိုးအမြတ်ရမလဲ
တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့အလုပ်မှာ တခြားသူကိုကူညီတာ၊ ဒါမှမဟုတ် တခြားဌာနတစ်ခုခုကို ကူညီပေးရတာလည်း ရှိတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကိုယ့်ရဲ့အလုပ်ရှင်ကို ဒီလိုကူညီပေးလိုက်ရတဲ့အ တွက် ကိုယ့်ဘက်ကဘယ်လိုအကျိုးကျေးဇူး ပြန်ရမလဲဆိုတဲ့ မေးခွန်းမျိုး မမေးသင့်ပါဘူး။ ဒီမေးခွန်းက ကိုယ့်ရဲ့ အလုပ်ရှင်ကိုဘယ်တော့မှ မပြောသင့်တဲ့ စကားတစ်ခွန်းထဲမှာပါဝင်ပါတယ်။ အလုပ်ခွင်အတွင်းမှာ တစ်ဦးအခက်အခဲကို ဝင်ရောက်ကူညီတာမျိုးကလည်း စည်းကမ်းသတ်မှတ်ချက်မဟုတ်တဲ့ လူ့ကျင့်ဝတ်တစ်မျိုးဖြစ်နေပါ တယ်။ ဒါကြောင့် တစ်ခုပေးဆပ်ရင်တစ်ခု ပြန်ရရမယ်ဆိုတဲ့ အကျိုးကျေးဇူးကို မျှော်ကိုးတဲ့ စိတ်မျိုးမထားသင့်ပါဘူး။ ဒီအချက်ကို သတိပြုဖို့လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာ တစ်ဦးအခက်အခဲကိုတစ်ဦး အပြန်အလှန်ကူညီရင်း အောင်မြင်ပျော်ရွှင်တဲ့ လုပ်ငန်းခွင်ဖြစ်ဖို့ အခုကစပြီး ဒီစကားလုံးတွေကို ရှောင်ကျဉ်ကြစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။


မူရင်းရေးသားသူကိုအထူးကျေးဇူးတင်ပါသည်။

မြန်မာအဲရင်းအဖွဲ့ 
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com