Tuesday, July 21, 2015

ဗိုလ်ချုပ်၏သမိုင်းဝင်ခုနှစ်များ

 ၁၉၁၅ ဖေဖော်ဝါရီ ၁၃ ရက် (မွေးဖွားခြင်း)
နတ်မောက်မြို့တွင် အဖရှေ့နေဦးဖာနှင့်အမိဒေါ်စုတို့မှဖွားမြင်ပြီး၊ ငယ်နာမည် မောင်ထိန်လင်းဖြစ်သည်။

၁၉၃၂ ခုနှစ် (၁၇ နှစ်အရွယ်)
ရေနံချောင်းအမျိုးသားကျောင်းမှ မြန်မာစာနှင့်ပါဠိဘာသာဂုဏ်ထူးဖြင့် ဆယ်တန်းစာမေးပွဲအောင်မြင်သည်။
မောင်အောင်ဆန်းသည် ၁၉၃၂-တွင် တက္ကသိုလ်သို့ရောက်၏။ ထိုစဉ်က သူ့အသက် ၁၇ နှစ်သာ ရှိသေး၏။

၁၉၃၄ ခုနှစ် (၁၉ နှစ်အရွယ်)
ဥပစာဝိဇ္ဇာ ဒုတိယနှစ်စာမေးပွဲအောင်မြင်ပြီး ဝိဇ္ဇာပထမနှစ် တက်ရောက်သင်ယူသည်။

၁၉၃၅ ခုနှစ် (၂ဝ နှစ်အရွယ်)

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် အရွေးခံရသည်။
အိုးဝေမဂ္ဂဇင်းအယ်ဒီတာ တာဝန်ထမ်းဆောင်သည်။
အသက် ၂ဝ အရွယ်တွင် ကျောင်းသားသမဂ္ဂမှထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့၏။

၁၉၃၆ ဖေဖော်ဝါရီ (၂၁ နှစ်အရွယ်)
အိုးဝေမဂ္ဂဇင်းတွင် ငရဲခွေးကြီးလွတ်နေပြီ ဆောင်းပါးဖော်ပြခဲ့သဖြင့် ကျောင်းထုတ်ခံရသည်။
အသက် ၂၁ နှစ်အရွယ်တွင် ကျောင်းသား သပိတ်ကြီး၏ခေါင်းဆောင်အဖြစ် ပြတ်ပြတ်သားသားဆောင်ရွက်ခဲ့၏။

၁၉၃၆-၃၇ ခုနှစ် (၂၂ နှစ်အရွယ်)
ပဲခူးသဟာယအသင်းနှင့် စာဖတ်အသင်းဥက္ကဋ္ဌ၊ တက္ကသိုလ်သမဂ္ဂတွင် ဒု- ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။

၁၉၃၈ ခုနှစ် (၂၃ နှစ်အရွယ်)

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။
အသက် ၂၃ နှစ်အရွယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၏။

၁၉၃၈ အောက်တိုဘာ ၁ ရက် (၂၃နှစ် ၇လအရွယ်)


နိုင်ငံရေးလုပ်ရန် ဒို့ဗမာအစည်းအရုံးသို့ ဝင်ရောက်၊ သခင်အောင်ဆန်းအမည်ခံယူသည်။
အသက် ၂၃ နှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ (သခင်)အစည်းအရုံး၌ အထွေထွေအတွင်းရေးမှူး ဖြစ်လာ၏။

၁၉၃၈ နိုဝင်ဘာ ၃ ရက် (၂၃နှစ် ၈လ အရွယ်)

ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌတာဝန်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ တာဝန်များမှနုတ်ထွက်သည်။

၁၉၃၉ ဇန်နဝါရီ ၂၃ ရက် (၂၃နှစ် ၁၁လ အရွယ်)
အမျိုးသားရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် ဗြိတိသျှအစိုးရရဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၅ ရက်ကျခံရသည်။

၁၉၃၉ ဧပြီ (၂၄ နှစ် ၁လ အရွယ်)

ဒို့ဗမာအစည်းအရုံး ဗဟိုအထွေထွေအတွင်းရေးမှူးအဖြစ်ရွေးကောက်ချယ်ခံရသည်။

၁၉၃၉ သြဂုတ် ၁၅ ရက် (၂၄ နှစ် ၆လ အရွယ်)
ဗမာပြည်ကွန်မြူနစ်ပါတီကို လျှိ့ဝှက်စွာတည်ထောင်ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူသည်။

၁၉၃၉ စက်တင်ဘာ ၁ (၂၄ နှစ် ၇လ အရွယ်)
ဗမာ့ထွက်ရပ်ဂိုဏ်းထူထောင်ရာမှာပါဝင်ပြီး အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်သည်။

၁၉၄ဝ မတ်လ ၁၉ ရက် (၂၅ နှစ် ၁လ အရွယ်)
အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့တွင် ကျင်းပသည့် အိန္ဒိယအမျိုးသားကွန်ဂရက်ညီလာခံသို့ တက်ရောက်သည်။

၁၉၄ဝ ဇွန်လ ၁၇ ရက် (၂၅ နှစ် ၄လ အရွယ်)

ဇလွန်မြို့တွင်ကျင်းပသည့် ဟောပြောပွဲကို အကြောင်းပြုပြီး ကာကွယ်ရေး ဥပဒေနှင့်ဖမ်းဆီးရန်
သခင်အောင်ဆန်းကို ဗြိတိသျှအစိုးရက ဖမ်းဝရမ်းထုတ်သည်။
သာယာဝတီ ညီလာခံ၌ ဗြိတိသျှအစိုးရကို လက်နက်ဖြင့် တော်လှန်ပုန်ကန်ရန် အစီအစဉ်များ ရေးဆွဲပေးခဲ့စဉ်က
သူ၏အသက်မှာ ၂၅ နှစ်သာရှိသေး၏။ (ထိုစဉ်သူ၏ရဲဘော် ရဲဘက်များက သူ၏လက်နက်ကိုင်ပုန်ကန်တော်လှန်ရေး
အစီအစဉ်များကို လုပ်လို့ ဖြစ်ပါ့ မလား -- လက်နက် ဘယ်ကရမှာမို့လဲ စသည်ဖြင့် သံသယရှိကြ၏။
မောင်အောင်ဆန်းသည်ခေါင်းဆောင်ပီပီ မိမိလုပ်ငန်း၌ တွေဝေခြင်းမရှိ စိတ်အား လျော့တတ်ခြင်းမရှိ
“ ဓားပြဂိုဏ်း တွေတောင်မှ လက်နက်ရအောင် ရှာနိုင်သေးတာကျုပ်တို့ကောဘာဖြစ်လို့ လက်နက်မရှာနိုင်ရမှာလဲ ”ဟု
တွေဝေနေသော သူ၏ ရဲဘော်များကို ပြန်ပြောခဲ့၏။)

၁၉၄ဝ သြဂုတ် ၈ ရက် (၂၅ နှစ် ၆လ အရွယ်)


 

မြန်မာ့လွတ်လပ်ရေးအတွက် ပြည်ပအကူအညီယူရန် သခင်လှမြိုင်နှင့်အတူ တရုတ်နိုင်ငံ အမွိုင်မြို့သို့
နော်ဝေပိုင် ဟိုင်းလီသင်္ဘောဖြင့် တရုတ်သင်္ဘောသားဟန်ဆောင် ရုပ်ဖျက်ထွက်ခွာ။
အသက် ၂၅ နှစ်သာသာတွင် လက်နက်ကိုင်တော်လှန် ပုန်ကန်ရေးအတွက် နိုင်ငံခြား အကူအညီ ရနိုင်ရန်
မြန်မာပြည်မှ တိတ်တဆိတ်ထွက်ခွာသွားခဲ့၏။

၁၉၄ဝ နိုဝင်ဘာ ၁၂ ရက် (၂၅ နှစ် ၉လ အရွယ်)
ဂျပန် ဗိုလ်မှူးကြီး စူဇူကီးက ဆက်သွယ်ခေါ်ယူသဖြင့် တရုတ်နိုင်ငံ အမွိုင်မှ ဂျပန်နိုင်ငံသို့ရောက်ရှိ။
ထို့နောက် လွတ်လပ်ရေးလုပ်ငန်းစဉ်များညှိနှိုင်းပြီး လုပ်ဖော်ကိုင်ဖက်များနှင့်တိုင်ပင်ရန် မြန်မာနိုင်ငံပြန်လာသည်။

၁၉၄၁ မတ် ၂၇ ရက် (၂၆ နှစ် ၁ လ အရွယ်)

ရဲဘော်သုံးကျိပ်ပထမအသုတ်နဲ့အတူ ဂျပန်နိုင်ငံ တိုကျိုမြို့ကိုရောက်ရှိသည်။
ဗြိတိသျှတို့ကို တိုက်ခိုက်ရန် “ ဗမာ့လွတ်လပ်ရေး တပ်မတော် ” ကို ဖွဲ့စည်းကာ စစ်ဦးစီးဗိုလ်ချုပ်အဖြစ် ခေါင်းဆောင်
ကွပ်ကဲ၍ မြန်မာပြည်တွင်း ချီတက်လာချိန်မှာ သူ့အသက်ကား ၂၆ နှစ်အရွယ်ပင် ရှိသေး၏။

၁၉၄၁ ဧပြီ (၂၆ နှစ် ၂လ အရွယ်)

ဂျပန်ထံမှ စစ်ပညာသင်ယူရန် ဟိုင်နန်ကျွန်းသို့သွားရောက်သည်။

၁၉၄၁ ဒီဇင်ဘာ (၂၆ နှစ် ၁ဝလ အရွယ်)

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် လက်မောင်းသွေးဖောက် သစ္စာပြုကာ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို
ဖွဲ့စည်းတည်ထောင်ပြီး ဗိုလ်တေဇအမည်ခံယူသည်။

၁၉၄၂ ဇူလိုင် ၂၇ ရက် (၂၇ နှစ် ၅လ အရွယ်)

ဘီအိုင်အေကိုဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ဖွဲ့စည်းသည်။
ဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်သေနာပတိ တာဝန်ထမ်းဆောင်သည်။

၁၉၄၂ စက်တင်ဘာ ၆ ရက် (၂၇ နှစ် ၆လ အရွယ်)

သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် ထိမ်းမြားလက်ထပ်သည်။

၁၉၄၃ မတ်လ (၂၈ နှစ် ၁လ အရွယ်)

ဘီဒီအေတွင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ရာထူးတိုးမြှင့်ခံရသည်၊ ဂျပန်နိုင်ငံ တိုကျိမြို့ကို သွားရောက်ပြီး
ဂျပန်ဘုရင်ဟီရိုဟီတိုချီးမြှင့်သည့် တက်နေဝန်းတံဆိပ်နှင့် စလွယ်ဆုလက်ခံယူသည်။

၁၉၄၃ သြဂုတ် ၁ ရက် (၂၈ နှစ် ၆လ အရွယ်)
မြန်မာနိုင်ငံကို ဂျပန်လက်အောက် လွတ်လပ်သည့်နိုင်ငံအဖြစ် ကြေညာပြီး အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည်
စစ်ဝန်ကြီး အဖြစ်တာဝန်ယူရသည်။

၁၉၄၅ မတ်လ ၂၇ ရက် (၃ဝ နှစ် ၁လ အရွယ်)

မြန်မာပြည်အနှံ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးတိုက်ပွဲတွင် ဦးဆောင်ပါဝင်သည်။

၁၉၄၅ အောက်တိုဘာ ၂၇ ရက် (၃ဝ နှစ် ၈လ အရွယ်)

မျိုးချစ်ဗမာ့တပ်မတော်၏ ဗိုလ်ချုပ်ရာထူးမှ နုတ်ထွက်ပြီး နိုင်ငံရေးနယ်ပယ်သို့ ပြန်လည်ဝင်ရောက်သည်။

၁၉၄၆ ဇန်နဝါရီ (၃ဝ နှစ် ၁ဝလ အရွယ်)
ဖဆပလ ပထမဆုံးပြည်လုံးကျွတ်ညီလာခံတွင် ဖဆပလအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။
အသက် ၃ဝ-အရွယ်တွင် ဖက်ဆစ်ဂျပန်များကို အောင်မြင်စွာတိုက်ခိုက်ခဲ့သည်။
မြန်မာနိုင်ငံရေး လောကတွင် မကြုံစဘူးသော အမျိုးသားညီညွတ်ရေး တပ်ဦးဖြစ်သည့် ဖဆပလအဖွဲ့ချုပ်ကြီးကို
တောင့်တင်းကြီးမားအောင် တည်ဆောက် စည်းရုံးခဲ့၏။

၁၉၄၆ စက်တင်ဘာ (၃၁ နှစ် ၇လ အရွယ်)
မြန်မာနိုင်ငံ အမှုဆောင်ကောင်စီရဲ့ ဒုတိယ သဘာပတိအဖြစ် အရွေးချယ်ခန့်အပ်ခံရသည်။
(ကာကွယ်ရေးနှင့်နိုင်ငံခြားရေးဌာန တာဝန်ပူးတွဲတာဝန်ယူရသည်။)

၁၉၄၇ ဇန်နဝါရီ ၂ ရက် (၃၁ နှစ် ၁ဝလ ရွယ်)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူးနှင့်တွေ့ဆုံသည်။

၁၉၄၇ ဇန်နဝါရီ ၂၇ ရက် (၃၁ နှစ် ၁၁လ အရွယ်)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဗြိတိသျှအစိုးရကိုယ်စားလှယ် နန်းရင်းဝန် အက်တလီနှင့် တွေ့ဆုံဆွေးနွေးပြီး
တစ်နှစ်အတွင်းမြန်မာကိုလွတ်လပ်ရေးပေးရန် အာမခံသည့် အောင်ဆန်း- အက်တလီစာချုပ် ချုပ်ဆိုသည်။
အသက် ၃၁ နှစ်အရွယ်တွင် သူတိုင်းပြည် လွတ်လပ်ရေးအတွက် နိုင်ငံရေး နယ်ပယ်တွင် ကမ္ဘာ့ဝါရင့် နိုင်ငံရေး
သမားကြီးများဖြစ်သော ဗြိတိသျှ အစိုးရအဖွဲ့ ဗြိတိသျှဘုရင်ခံတို့နှင့် ဥာဏ်ကစားလျက် နိုင်ငံရေးဆွေးနွေးနိုင်ခဲ့
ပြောဆိုနိုင်ခဲ့၏။

၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက် (၃၁ နှစ် ၁၁လ အရွယ်)

ပြည်မနှင့် တောင်တန်းဒေသ ပေါင်းစုပြီး လွတ်လပ်ရေးအတူရယူကြရန် တိုင်းရင်းသားကိုယ်စားလှယ်
၂၃ ဦးနှင့်အတူ သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုသည်။
ဗြိတိသျှတို့နှင့် အကြိတ် အနယ်အင်အားပြိုင် အရေးဆိုပြောကြားပြီးနောက်
“ တစ်နှစ် အတွင်း လုံးဝလွတ်လပ်ရေးရရမယ် ” ဟု ကြုံးဝါးကတိပေးခဲ့စဉ်က အသက်မှာ ၃၂ နှစ်သာရှိသေး၏။

၁၉၄၇ ဧပြီ ၉ ရက် (၃၂ နှစ် ၁လ အရွယ်)
တိုင်းပြု ပြည်ပြုလွှတ်တော်ရွေးကောက်ပွဲတွင် ဖဆပလ အနိုင်ရပြီး ရန်ကုန်မြို့ လမ်းမတော်မဲဆန္ဒနယ်မှ
ဝင်အရွေးခံသည့် ဦးအောင်ဆန်း လွှတ်တော်အမတ်ဖြစ်လာသည်။
သူ့အသက် ၃၂-နှစ်တွင် ပထမဆုံး တိုင်းပြုပြည်ပြု လွတ်တော်ခေါ်ယူ ကျင်းပပြီးလျှင်
လွတ်လပ်သော သမ္မတမြန်မာနိုင်ငံကို စတင်အုတ်မြစ်ချပေးခဲ့၏။

၁၉၄၇ ဇွန် ၁၆ ရက် (၃၂ နှစ် ၄လ အရွယ်)
တိုင်းပြု ပြည်ပြုလွှတ်တော်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင်
ပါဝင်ရမည့် အခြေခံမူများ ဦးဆောင်တင်သွင်းသည်။

၁၉၄၇ ဇူလိုင် ၁၃ ရက် (၃၂ နှစ် ၅လ အရွယ်)
ရန်ကုန်မြို့တော်ခန်းမတွင် တိုင်းပြည်နှင့် ပြည်သူများကို မကွယ်လွန်ခင်နောက်ဆုံး မိန့်ခွန်းပြောကြား။

၁၉၄၇ ဇူလိုင် ၁၉ ရက် (၃၁ နှစ် ၅လ ၆ ရက် - သေဆုံးခြင်း)
ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် ဝန်ကြီးများအစည်းအဝေးကျင်းပနေစဉ် ဂဠုန်ဦးစော၏ နောက်လိုက်တွေရဲ့
လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည်။
သူ့အသက် ၃၃ နှစ်တွင် လွတ်လပ်ရေး ဗိမာန်ကြီးကို အုတ်မြစ်ချ တည်ဆောက်ပေးပြီး
မသမာသူများ၏ လုပ်ကြံမှုဖြင့် ကျဆုံးသွားရလေ၏။ 



ဤအသက်အပိုင်းမျှဖြင့် သူလုပ်သွားခဲ့သော ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ကြည့်၍
ဗိုလ်ချုပ်အောင်ဆန်းသည် ဘယ်လိုလူဖြစ်သည် ဘယ်လို ပညာထက်မြက်ခဲ့သည်၊ ဘယ်လို ဆရာသမားတွေက
နိုင်ငံရေး၊ ပညာရေး မျက်စိဖွင့်ပေးခဲ့သည် ဆိုသည်တို့ကို အတုယူလိုက်နာသင့်ပေသည်။


ဗိုလ်ချုပ်၏ကြိုးစားမှုများကိုလေးစားလျှက်
မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ ဇူလိုင်)

 
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com