![]() | ||
| ဗိုလ်ချုပ်တို့ကျဆုံးသွားသောအစည်းအဝေးခန်းမ (ယခုအခါဘုရားခန်းလုပ်ထားသည်။) |
ခန်းမ၏ အဝင်ဝတံခါးမများကိုတော့ ပန်းကနုတ်များဖြင့် အလှဆင်ထားသည်။
တစ်ချိန်က ခန်းမဆောင်အလယ်တွင် ထီးထီးကြီးရှိနေခဲ့သည့် သံတိုင်ကြီးကို သစ်သားဖြင့် ငုံပြီးပြင်ဆင်ထားသည်။
ခန်းမ အဆုံးတွင်တော့ ဘုရားစင်တစ်ခုရှိသည်။
ဘုရားစင်မှကျော်ပြီး ပြတင်း တံခါးပေါက်မှ လှမ်းကြည့်လိုက်မည်ဆိုပါက အဆောက်အအုံထိပ်တွင်
တပ်ဆင်ထားသည့် ဧရာမနာရီကြီးကို လှမ်းမြင်နိုင်သည်။
ယနေ့မှစပြီး ရေတွက်ပါက လွန်ခဲ့သော (၆၈)နှစ်တိတိ ၁၉၄၇ ဇူလိုင် ၁၉ ရက်က ထိုခန်းမဆောင်ထဲတွင်
ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏အစိုးရဝန်ကြီးများ အစည်းအဝေးကျင်းပခဲ့ကြသည်။
ခန်းမဆောင်နောက်မှ နာရီ ကြီး၏ လက်တံသည် နံနက် ၁ဝ နာရီ ၃၇ မိနစ်သို့အရောက်တွင်
မြန်မာတစ်ပြည်လုံး ကံဆိုးမိုးမှောင်ကျခဲ့ရတော့သည်။
ထိုခန်းမဆောင်ထဲတွင် မြန်မာနိုင်ငံ၏ အနာဂတ်ကျပျောက်ခဲ့ရသည်။
နောင်တွင် ဝန်ကြီးများရုံးဟု အမည်ပြောင်းခဲ့သည့်အတွင်းဝန်ရုံးအတွင်းရှိ အဆိုပါအခန်းသည်
မူလလက်ရာနှင့် နှိုင်းယှဉ်ပါက မမှတ်မိလောက်အောင်ကွဲပြားခြား နားသည့်ပုံစံတစ်ခုဖြစ်နေသည်။
တစ်ချိန်က ခေါင်းဆောင်များ မျှော်လင့်ထားခဲ့သည့် အနာဂတ်မြန်မာနိုင်ငံနှင့် ယနေ့မြန်မာနိုင်ငံတို့အကြား
ကွဲပြားခြားနားနေသည့် ပုံစံမျိုးကွဲပြားနေသလို လုပ်ကြံမှုအပြီး ရိုက်ကူးထားသော ဓာတ်ပုံများနှင့်
ယခုပုံစံများ သိသိသာသာကွဲပြားနေသည်။
ပေ ၄ဝ ပတ်လည်ခန့်ရှိသည့် ခန်းမဆောင်အတွင်းရှိ ကြမ်းခင်းများ၊ နံရံများ၊ တိုင်လုံးများကို ပစ္စည်းအသစ်များဖြင့်
အစားထိုးခဲ့ပြီး မူလအနေအထားမှလုံးဝနီးပါး ခြားနားသည့်အသွင် ဖြစ်နေခဲ့သည်။
တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သည့် ထိုင်ခုံစားပွဲများ၊ လုပ်ကြံမှုဖြစ်ပွားသည့်နေ့တွင်
ခေါင်းဆောင်များထိုင်နေခဲ့ သည့် ‘‘ဂ’’ပုံစံစားပွဲနေရာများ သည် ယခုအချိန်တွင်ဘုရားဝတ်ပြုသူများ
ထိုင်စရာနေရာအဖြစ် ပြောင်းလဲခဲ့သည်။
သေနတ်ဒဏ်ရာများဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည့် နေရာသည် ယခုတွင်ဘုရားစင်အဖြစ် ပြောင်းလဲခဲ့သည်။
တစ်ချိန်က လုပ်ကြံသူများ ဝင်ရောက်ခဲ့သည့် တံခါးရွက်များကိုလည်း အသစ်ပြောင်းလဲခဲ့ကြသည်။
ဦးစော၏ တပည့်များဝင် ထွက်ခဲ့သည့် တံခါးများတွင်တံခါးရွက်များ ပြောင်းလဲတပ်ဆင်ထားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များလုပ် ကြံခံရသည့်အခန်းကို နောက်ပိုင်း အစိုးရများက
ဘုရားခန်းအဖြစ် အသွင်ပြောင်းခဲ့ပြီး ပြင်ပမှဧည့်သည်များ လာရောက်လေ့လာခွင့်ကို ပိတ်ပင်ထားခဲ့သည်။
(မေးပါရစေ...သင်သည်ဗိုလ်ချုပ်တို့ကျဆုံးသွားသောခန်းမကြီးကို မူလပုံစံအတိုင်းထားလိုပါသလား။
လက်ရှိပုံစံအတိုင်း ဘုရားခန်းအဖြစ်လုပ်ထားသည်ကိုနှစ်သက်ပါသလား။)
ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းကမှအနော်မာအနုပညာအဖွဲ့က စီမံခန့်ခွဲခွင့်ရခဲ့ခြင်းဖြစ်သည်။
အမြင်အရ ရိုးရိုးရှင်းရှင်းနှင့် လှပသည့်ပုံစံရှိသော်လည်း အတွင်းဝန်ရုံး၏ဖွဲ့စည်းပုံသည် မြန်မာ့နိုင်ငံရေးလိုပင်
ရှုပ်ထွေးနေခဲ့သည်။ အတွင်းပိုင်းရှိခန်းမဆောင်များ၊ လှေကားများနှင့်လျှောက်လမ်းများသည် ပုံစံတူဆောက်
လုပ်ထားပြီး အတွင်းဝန်ရုံးအတွင်း သို့ ပထမဆုံးအကြိမ် လာရောက်မည့်သူများဖြစ်ပါက လမ်းပျောက်လောက်သည့်
အနေအထားမျိုး မြင်တွေ့ခဲ့သည်။
သို့သော်လည်း သေနတ်သမားများက ဗိုလ်ချုပ်အောင်ဆန်း တို့ အစည်းအဝေးလုပ်နေသည့် ခန်းမအတွင်းသို့
တန်းတန်းမတ် မတ်ရောက်လာနိုင်ခဲ့သည်။ သေနတ်သမားများသည် အတွင်းဝန်ရုံး၏မြေညီထပ်မှ
ဗိုလ်ချုပ်အောင်ဆန်းတို့ အစည်းအဝေးခန်းမအတွင်းသို့ ရောက်ရန်အတွက် နှစ်ဆစ်ချိုးကြောင်လိမ်လှေကားမှတစ်ဆင့်
တက်ရောက်ခဲ့ကြသည်။
ထိုလှေကားမှတစ်ဆင့် ကျောက်ပြားနီများခင်းထားသည့် လျှောက်လမ်းအတိုင်း
လာခဲ့ကြသည့် လူသတ်သမားများသည် စက္ကန့် ၃ဝ ခန့်အတွင်း အတားအဆီးမရှိ ဗိုလ်ချုပ်အောင်ဆန်းတို့၏
အစည်းအဝေး ခန်းမအတွင်းသို့ ရောက်လာခဲ့သည်။
သေနတ်သမားများ တက်ခဲ့ကြသည့်ကြောင်လိမ်လှေကား နှင့် လုပ်ကြံခံခဲ့ရသောအခန်းသည် ခြေလှမ်း ၃၆ လှမ်း
ခန့်သာ ဝေးသည်။ ဗိုလ်ချုပ်တို့လုပ်ကြံခံခဲ့ရသည့်အခန်းသည် အတွင်းဝန်ရုံး၏ ဗိုလ်အောင်ကျော်လမ်းဘက်အခြမ်း
တွင်ရှိပြီး တံခါးပေါက်သုံးခုနှင့် ပြတင်းပေါက်တစ်ခုတို့ပါ ဝင်သည်။ သေနတ်သမားများ သည် ပြတင်းပေါက်နှင့်
တံခါးနှစ်ချပ်ကိုကျော်လွန်အောင်လျှောက်လာခဲ့ပြီး အစွန်ဆုံးတံခါးပေါက်တွင် စောင့်နေသည့် တံခါးစောင့်ကို
တွန်းဖယ်ကာ အစည်းအဝေးခန်းမအတွင်းသို့ ဝင်ရောက်ပြီး တရစပ်ပစ်ခတ်ခဲ့သည်။
ဗိုလ်ချုပ်တို့လုပ်ကြံခံခဲ့ရသည့်အခန်းသည် ပေ ၄ဝ ပတ်လည်ခန့်ရှိပြီး ထိုအခန်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်း
ထိုင်နေသောနေရာမှာ မည်သို့မျှတိမ်းရှောင်လွတ်မြောက်နိုင်သည့်နေရာမဟုတ်ခဲ့ပါ။
ဗိုလ်ချုပ်အောင်ဆန်းသည် လျှောက်လမ်းကိုမျက်မူပြီးထိုင်နေခဲ့ခြင်းဖြစ်ပြီး သူ၏ အနောက်တွင်
မြေပြင်မှပေ ၅ဝ ခန့်မြင့်သည့် ပြတင်းတံခါးများ သာရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများသည် လူသတ်သမားများမရောက်မီ ၂၇ မိ နစ်ခန့်စောပြီး
၁ဝ နာရီ ၁ဝ မိနစ် ခန့်တွင် အစည်းအဝေးခန်းမထဲသို့ ရောက်ခဲ့ခြင်းဖြစ်သည်။
အံ့သြစရာအနုလက်ရာများ ဖြင့် အလှဆင်ထားသော အခန်းနားဆုံးအဆောက်အအုံကြီးထဲမှ မြန်မာနိုင်ငံ၏
အရေးပါဆုံးခေါင်းဆောင်များကို လုပ်ကြံရန်လာ ရောက်သည့်သေနတ်သမားများသည် အက်ရှင်ဇာတ်လမ်းများ
ထဲကလို စွန့်စွန့်စားစားဘာမျှမလုပ်လိုက်ရ။ အချိန်ကြာကြာမယူလိုက်ရ။ ခပ်လွယ်လွယ်နှင့်ပင် လုပ်ကြံမှုကို
မြန်မြန်ဆန်ဆန်အပြီးသတ်နိုင်ခဲ့သည်။ လုပ်ကြံသူများသည် အတွင်းဝန်ရုံး ဝင်ပေါက်ရောက်ချိန်မှခန်းမဆောင်ထဲရှိ
ခေါင်းဆောင်များအသက်ကို ခြွေယူရန် အချိန်အထိ အချိန်ခုနစ်မိနစ်ခန့် သာယူခဲ့သည်။
ထိုခုနစ်မိနစ်၏ အကျိုးသက်ရောက်မှုက တိုင်းပြည်အပေါ် လွတ်လပ်ရေးရပြီး နှစ် ၇ဝ နီးပါး
သို့မဟုတ် ယနေ့တိုင်အောင်ရိုက်ခတ်နေဆဲပင်။ နောင်လည်းရိုက်ခတ်နေဦးမည်ဖြစ်ပါသည်။
7Days Daily မှဖော်ပြပေးခြင်းဖြစ်သည်။
မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ ဇူလိုင်)







0 comments:
Post a Comment
မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။