Saturday, July 18, 2015

အာဇာနည်နေ့ (ဝမ်းနည်းဖွယ်ဖြစ်ရပ်များ)



၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် အတွင်းဝန်များရုံးမှာ
တိုင်းပြည်ကျွန်ဘဝကလုံးဝလွတ်မြောက်ရေးနဲ့ စစ်ပြီးခေတ်မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက်
အစည်းအဝေးထိုင်နေကြတဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလ ကြားဖြတ်အစိုးရ
ဝန်ကြီးတွေ လုပ်ကြံခံရတဲ့နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့တယ်။

သိရော့နေလေသလားမိုးဒေဝါရယ်.......

အဲဒီနေ့က ရန်ကုန်မြို့ရဲ့ ရာသီဥတုဟာ “မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက်ရှိသည် ။
တိမ်တိုက်ဟူ၍ ဘာမျှကြည်လင်စွာမမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ဝိုးဝိုးဝါးဝါး
ဖြစ်နေသည်။ မိုးသည်ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲနေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊
နောက်စွေ၍ နေလေသည်” လို့ဆရာ ဒဂုန်တာရာက ရေးသားမှတ်တမ်းတင်ခဲ့တယ်။

မြန်မာဆန်ဆန်ဝတ်လာတဲ့တို့ဗိုလ်ချုပ်.........
နံနက် ၁ဝ နာရီခန့်မှာ တာဝါလိမ်း နေအိမ်ကနေ အတွင်းဝန်များရုံးမှာ ပြုလုပ်မည့်ဝန်ကြီးများ အစည်းအဝေးကိုတက်ရန်
ဗိုလ်ချုပ်အောင်ဆန်းဟာသူရဲ့ အပါးတော်မြဲ(ပီအေ) ဗိုလ်ထွန်းလှနဲ့ အတူ ကားနက်ကလေး အာရ်အေ/၂၈၇၄ နဲ့
ထွက်လာခဲ့တယ်။ ၁ဝ နာရီ ၁ဝ မိနစ်လောက်မှာ အတွင်းဝန် များရုံးရဲ့ အလယ်ဗဟို လှေကားခြေရင်းကို
ဗိုလ်ချုပ်ကားဆိုက်လာပြီး အစည်းအဝေးလုပ်မည့် အပေါ်ထပ် သူ့ရုံးခန်းကို အပါးတော်မြဲဗိုလ်ထွန်းလှနဲ့အတူတက်လာ
ပါတယ်။ အဲဒီနေ့ကျမှ ဗိုလ်ချုပ်ဟာခါတိုင်းလို ယူနီဖောင်းဝတ်နဲ့ မဟုတ်ဘဲ ရွှေဖလားရောင်ဗန်ကောက်လုံချည်၊
သနပ်ခါးရောင် မန္တလေး ပိုးတိုက်ပုံနှင့် အဖြူရောင်သဲကြိုးတပ်ထားတဲ့ လေယာဉ်ပျံဖိနပ် စတာတွေနဲ့ မြန်မာဆန်ဆန်
ဝတ်စား ဆင်ယင်ထားတာကို ထူးထူးခြားခြား တွေ့ရလို့၊ “ ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ “ ဟု ဦးဘဂျမ်းက
လှမ်းနောက်လိုက်တယ်။ 

ဗိုလ်ချုပ်အောင်ဆန်း၏မြန်မာဆန်သောနောက်ဆုံးနေ့မြင်ကွင်း

အစည်းအဝေးအတွက်ပြင်ဆင်ကြပြီ......
ကာကွယ်ရေး ဝန်ကြီးရဲ့ရုံးခန်းထဲမှာ အစည်းအဝေးပြုလုပ်ရန်အတွက် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကိုတိုင်းခန်း
လှည့်လည်နေတဲ့ သယ်ယူပို့ဆောင်ရေး ဌာနဝန်ကြီး စောစံဘိုးသင်း ၊ အင်္ဂလန်မှ အပြန် လမ်းခရီးမှာပဲရှိနေသေးတဲ့
ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းနဲ့ ဌာနလက်ကိုင်မရှိ ဝန်ကြီး ဦးတင်ထွဋ် တို့မှအပကျန်တဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ
စုံစုံညီညီရောက်ရှိနေကြပြီဖြစ်တယ်။ ရုံးအုပ်ကြီး ဦးခ၊ လက်ထောက်အတွင်းဝန် ဦးတင်အုံးနဲ့ ဝန်ကြီးများအဖွဲ့
အတွင်းဝန် ဦးရွှေဘော်တို့လည်း အစည်းအဝေးအတွက် လိုအပ်မည့်စာရွက်စာတမ်းတွေနဲ့ ဖိုင်တွေရှာဖွေစုဆောင်းကာ
အစည်းအဝေး ကျင်းပမည့်အခန်းထဲကို တစ်ခုပြီးတစ်ခုပို့ဆောင်ရင်း ဝင်ချေထွက်ချေ အလုပ်များနေကြတယ်။

ဗိုလ်ချုပ်လာပြီ......
ဒီနောက် အစည်းအဝေးကျင်းပရာ အခန်းထဲကို ဗိုလ်ချုပ်နှင့်အပါးတော်မြဲဗိုလ်ထွန်းလှတို့ ဝင်လာပြီး ၊ ဗိုလ်ထွန်းလှက
ဗိုလ်ချုပ်အတွက် လိုအပ်တဲ့ဖိုင်တွေ၊ မှတ်တမ်းမှတ်ရာတွေကို ဗိုလ်ချုပ်စားပွဲထိပ်မှာ ချပေးလိုက်တယ်။
ဗိုလ်ချုပ်ကသူ့ထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့ ဗိုလ်ထွန်းလှလည်း အစည်းအဝေးခန်းမကနေ သူရဲ့ရုံးခန်းရှိရာကို
ထွက်လာခဲ့ပြီး သူ့ရုံးခန်းထဲမှာ စိတ်အေးလက်လေးရှိနေခဲ့တယ်။

အဲဒီနေ့က အစည်းအဝေးတက်ရောက်သူတွေကတော့ .......
၁။ ဗိုလ်ချုပ်အောင်ဆန်း - ဒုဥက္ကဌ၊ ကာကွယ်ရေး နှင့် နိုင်ငံခြားရေးဌာန
၂။ သခင်မြ - ဘဏ္ဍရေးနှင့် အခွန်တော်ဌာန
၃။ ဦးဘဝင်း - ကူးသန်းရောင်းဝ ယ်ရေးနှင့် ထောက်ပံရေးဌာန၊
၎။ ဒီးဒုတ်ဦးဘချို - ပြန်ကြားရေးဌာန
၅။ အဗ္ဗဒူရာဇတ် - ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန၊
၆။ မန်းဘခိုင် - စက်မှုလက်မှုနှင့် အလုပ်သမားဌာန၊
၇။ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း - တောင်တန်းရေးရာဌာန၊
၈။ ဦးဘဂျမ်း - ပြန်လည်ထူထောင်ရေးဌာန၊(ကံကောင်းစွာအသက်မသေခဲ့ပါ။)
၉။ ပျော်ဘွယ် ဦးမြ - လယ်ယာနှင့် စိုက်ပျိုးရေးဌာန၊(ကံကောင်းစွာအသက်မသေခဲ့ပါ။)
၁ဝ ။ ဦးအောင်ဇံဝေ - ပြည်သူ့ဝန်ထမ်းဌာန၊(ကံကောင်းစွာအသက်မသေခဲ့ပါ။)
၁၁။ ဦးအုံးမောင် - ဒုတိယအတွင်းဝန် လမ်းပန်းဆက်သွယ်ရေးဌာန တို့ဖြစ်တယ်။

ဦးအုန်းမောင်အစည်းအဝေးတက်ရခြင်းအကြောင်း......
ဦးအုံးမောင်ဟာ သူ့ ဝန်ကြီး စောစံဖိုးသင်း ခရီးထွက်နေပြီးအစည်းအဝေး မတက်နိုင်လို့၊ လမ်းပန်းဆက်သွယ်ရေး
ဌာနနဲ့ ပက်သက်ပြီး အစည်းအဝေးမှာ လိုအပ်တာတွေတင်ပြနိုင်ဖို့နဲ့ ပြည်လည်ဖြေကြားနိုင်ဖို့ ရောက်ရှိနေတာ
ဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်းသဘာပတိတာဝန်ယူရခြင်း........
အရင်ကတော့ ဝန်ကြီးများ (ဘုရင်အမှုဆောင် ကောင်စီအဖွဲ့များ) အစည်းအဝေးကို ဘုရင်ခံသဘာပတိအဖြစ်
ဆောင်ရွက်ကာ ဘုရင်ခံကိုယ်တိုင် ဦးစီးကျင်းပလေ့ရှိပါတယ်။ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်း
မှာတော့ ၊ မြန်မာပြည်ကို လွတ်လပ်ရေး သေချာပေါက်ပေးရတော့မဲ့ အခြေအနေနဲ့ ဖဆပလ ဘုရင်အမှုဆောင်
ကောင်စီကို ကြားဖြတ်အစိုးရ အဆင့်မျိုးနဲ့ လွတ်လပ်စွာစီမံဆောင်ရွက်ခွင့် ပေးထားတာဖြစ်လို့ ၁၉၄၇ ဇန်နဝါရီ
လောက်ကစပြီး ဘုရင်ခံကိုယ်တိုင် တက်ရောက်ခြင်းမရှိတော့ဘဲ ၊ ဘုရင်အမှုဆောင် ကောင်စီဒုဥက္ကဌ
ဗိုလ်ချုပ်အောင်ဆန်းကပဲ သဘာပတိအဖြစ် ဦးစီးကျင်းပနေတာဖြစ်တယ်။

အစည်းအဝေးခန်းမတည်ရှိပုံ.......
အစည်းအဝေးကျင်းပရာဗိုလ်ချုပ်အောင်ဆန်းရဲ့ရုံးခန်းဟာ အထဲကိုဝင်ရန် တံခါး ၃ပေါက်ရှိတဲ့ ခန်းမကျယ်ကြီးဖြစ်ပြီး၊
လက်ဝဲဘက်မှာ အတွင်းဝန် ဦးရွှေဘော်ရဲ့အခန်း၊ လက်ယာဘက်မှာ ဗိုလ်ချုပ် အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့
အခန်းတွေ ရှိပါတယ်။ ဒီအခန်းကြီးရဲ့ အရှေ့မြောက်ထောင့်မှာ ဗိုလ်ချုပ် အလုပ်လုပ်တဲ့ စားပွဲရှိပြီး ၊ တောင်ဘက်
နံရံမှာတော့ ဝန်ကြီးတွေအစည်းဝေးပွဲ ကျင်းပတဲ့ စားပွဲကြီးတွေရှိပါတယ်။

အစည်းအဝေးခန်းမအတွင်းနေရာယူပုံ........
ဝန်ကြီးတွေ အစည်းအဝေးကျင်းပရာနေရာမှာစားပွဲရှည်ကြီး ၃ ခုကို “ဂ” ပုံစံအတိုင်းမှာ ထိပ်မှာတခု၊ ဘေးတစ်ဖက်
တစ်ချက်မှာ တစ်လုံးစီချထားတယ်။ ထိပ်ကစားပွဲက အလျား ၁ဝ ပေ၊ အနံ ၃ ပေ လောက် ကျယ်ပြီး ၊ ကျန်တဲ့ဘေး
တစ်ဖက်တစ်ချက်က စားပွဲ ၂ ခု ကတော့အလျား ၁၈ ပေ၊ အနံ ၃ ပေ ခန့်စီ ရှိကြတယ်။ အဲဒီနေ့ အစည်းအဝေးမှာ
ဗိုလ်ချုပ်ကထိပ်စားပွဲ အလည်တည့်တည့်မှာထိုင်နေပြီး လက်ယာဘက် စားပွဲမှာ သခင်မြ၊ ဒီးဒုတ် ဦးဘချို ၊ ဦးရာဇတ်၊
ဦးဘဝင်း၊ မန်းဘခိုင်တို့ အစဉ်အတိုင်းထိုင်နေကြကာ၊ လက်ဝဲဘက်စားပွဲမှာတော့ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ ၊
ပျော်ဘွယ် ဦးမြနဲ့မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း တို့ ထိုင်နေကြတယ်။ ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်က
အစည်းအဝေးမှာ ဗိုလ်ချုပ်လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ ဖိုင်တွဲရှာပေးနိုင်ဖို့အတွက်
ဗိုလ်ချုပ်ရဲ့လက်ဝဲဘက်မှာရှိနေတယ်။ 



အစည်းအဝေးစတင်ပြီ........
အစည်းအဝေးကို အစီအစဉ်အတိုင်း ၁ဝ နာရီ ၁၅ မိနစ်မှာ စတင်ကျင်းပပြီး ဝန်ကြီးဌာနအလိုက် အရေးကြီးတဲ့
သက်ဆိုင်ရာ ကိစ္စရပ်တွေကိုဆွေးနွေးကြတယ်။ ဒီလိုနဲ့ ဌာနဆိုင်ရာကိစ္စရပ်တွေကို အစီအစဉ်အတိုင်း ဆွေးနွေး
လာခဲ့ရာ ၁ဝ နာရီခွဲခန့်မှာ လမ်းပန်းဆက်သွယ်ရေးဌာန ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အလှည့်ရောက်လာတာနဲ့
ဒုတိယအတွင်းဝန် အိုက်စီအက်စ် ဦးအုန်းမောင်လည်း အစည်းအဝေးခန်းမထဲကိုရောက်လာပြီး လက်ယာဘက်
စားပွဲထိပ်က သခင်မြအနားမှာ ဝင်ထိုင်လိုက်ပါတယ်။ 


 အစည်းအဝေးပြုလုပ်နေပုံ

လူသတ်သမားတို့လာချေပြီ.......
နံနက် ၁ဝ နာရီ ၁ဝ မိနစ်ခန့်မှာ " ငါ့တပည့်များ အောင်ပါစေကွာ" ဆိုတဲ့ စကားသံအဆုံးမှာ အင်းလျားကန်ဘေးရှိ
ဦးစောအိမ်ဝင်းထဲကနေ ဂျစ်ကားအစိမ်းလေး တစ်စင်းဝူးခနဲ ထွက်လာပြီး အတွင်းဝင်ရုံးဘက်ကို ဦးတည်မောင်းနှင်
သွားပါတယ်။ ဒီဂျစ်ကားလေးကိုဦးစောရဲ့တပည့်တစ်ဦးဖြစ်တဲ့ သုခက မောင်းနှင်ပြီးကားပေါ်မှာ တခြားသော
တပည့်တွေဖြစ်တဲ့ စိန်ကြီး၊ မောင်စိုး ရန်ကြီးအောင်၊ သက်နှင်းတို့က တော်မီဂန်းနဲ့ စတင်းဂန်းတွေ အသင့်
ကိုင်ဆောင်ကာ လိုက်ပါလာကြတယ်။ မိုးတဖွဲဖွဲနဲ့ စွေနေတဲ့ လမ်းမကြီးပေါ်မှာ အာစီ/၁၈၁၄ နံပါတ် ဂျစ်ကား
အစိမ်းရောင်လေးဟာ စစ်မိုးကာတွေခြုံထားပြီးစစ်ယူနီဖောင်းဝတ် နံပါတ် ၁၂ တပ်မ ခြင်္သေ့တံဆိပ်တပ်ထားတဲ့
လူ ၄ဦးကို တင်ဆောင်ကာ အပြေးမောင်နှင်လာတယ်။ ဒီဂျစ်ကားလေးဟာ မောင်ဂိုမာရီလမ်း(ယခု ဗိုလ်ချုပ်
အောင်ဆန်းလမ်း) အတိုင်း ပန်းဆိုးတန်းထိပ်နာရီစင်ကိုဖြတ်ပြီးအနောက်မှ အရှေ့သို့ မောင်းနှင်လာတယ်။
နောက် စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်လမ်း) ကိုရောက်တဲ့အခါ ညာဘက်ကို ချိုးလိုက်တယ် ဒီကမှတဆင့်
ဖရေဇာလမ်း(ယခုအနော်ရထာလမ်း)ကို ဖြတ်ကျော်လာပြီး အတွင်းဝန်ရုံးရဲ့တောင်ဘက်ဂိတ်ဝကို ရောက်တဲ့အခါ
စက်ရှိန်လျှော့ပြီးအတွင်းဝန်များ ရုံးဝင်းအတွင်းဝင်ရန် ကားခေါင်းကိုဘယ်ဘက်သို့ဦးတည်လိုက်တယ်။
ဒီအချိန်ဟာ ရုံးတက်စ ၁ဝ နာရီခွဲခန့်ဖြစ်လို့ အရာရှိကြီးငယ်တွေရဲ့ကားကြီးကားငယ်တွေဝင်နေကြလို့ ဂိတ်ဝမှာ
ခဏရပ်စောင့်နေရသေးတယ်။ နောက်မှ ကားဘီးကိုခပ်ဖြည်းဖြည်းလိမ့်ကာ အနောက်ဘက်ဆင်ဝင်ကြီးအောက်က
တဆင့် ကာကွယ်ရေးဌာနဘက်သို့ ကွေ့ဝင်ကာ အနောက်တောင်ထောင့်မှာ ထိုးရပ်လိုက်ပါတယ်။

လူသတ်သမားတို့အစည်းအဝေးခန်းမအတွင်းသို့.........
ချက်ချင်းဆိုသလိုပဲ ကင်းပတ်ဖိနပ်ရှည်(Canva Shoes)စီးထားပြီး စတင်းဂန်းတလက်၊ တော်မီဂန်း၃လက် တို့ကို
အသင့်ကိုင်ထားတဲ့ စိန်ကြီး၊မောင်စိုး၊ ရန်ကြီးအောင်နဲ့ သက်နှင်းတို့လည်း ကားပေါ်ကခုန်ဆင်းကာ
အတွင်းဝန်များရုံးထဲကို အပြေးဝင်ရောက်လာကြတယ်။ သုခက ကားကိုစက်မရပ်ဘဲ နှိုးထားကာ အသင့်စောင့်ဆိုင်း
ကျန်ရစ်ခဲ့တယ်။ သေနတ်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ စိန်ကြီး ၊ မောင်စိုး၊ ရန်ကြီးအောင်နဲ့ သက်နှင်းတို့ဟာ
အတွင်းဝန်ရုံး တောင်ဘက်မှ မြောက်ဘက်အတိုင်းဗိုလ်ချုပ်ရုံးခန်းရှိရာကို လျှောက်လာကြပြီး အခန်းဝမှာ စောင့်နေတဲ့
မင်းစေကိုတွန်းဖယ်ကာ မြောက်ဘက်ဆုံးတံခါးပေါက်ကနေ ဝန်ကြီးများစည်းဝေးနေတဲ့ အခန်းတွင်းသို့ဝင်လိုက်ကြတယ်။

သူတို့ရက်စက်ကြလေပြီ.......
နံနက် ၁ဝ နာရီ ၃၇ မိနစ်
ရှေ့ဆုံးမှ ဝင်လာတဲ့ သက်နှင်းက " ဟိတ်" လို့ ခပ်ကျယ်ကျယ်အော်သံနဲ့ အတူ
လက်ထဲကတော်မီဂန်းနဲ့ ဗိုလ်ချုပ်ကို သဲသဲမဲမဲစတင်ပစ်ခတ်တော့တယ်။
တချိန်တည်းမှာပဲ စားပွဲထိပ်မှာထိုင်နေတဲ့ ဗိုလ်ချုပ်ဟာ ထိုင်ရာကနေလက်ကာပြရင်း ဝင်လာသူတွေကို
တစုံတခု လှမ်းပြောဖို့ ကျိုးစားခဲ့သော်လည်း အချိန်မမှီတော့ပေ။
လူသတ်သမားရဲ့ ပစ်ခတ်လိုက်တဲ့ ကျည်ဆံတွေကြောင့် ဗိုလ်ချုပ်နောက်သို့လန်ကျကာ
လူရော ကုလားထိုင်ပါ လုံးထွေး လဲပြိုသွားတော့တယ်။
ဒီနောက်မှ ဗိုလ်ချုပ်ညာဘက်မှာ ထိုင်နေတဲ့ ဝန်ကြီးတွေကိုလည်း တဆက်တည်း ပစ်ခတ်လိုက်တယ်။
ပြီးတော့မှ ဘယ်ဘက်ကို မွေ့ယမ်းလိုက်တယ်။ 


နိုင်ငံတော်ဈာပနအပြင်အဆင်

ကံကောင်းသူ..........
ဝန်ကြီး ပျော်ဘွယ်ဦးမြနဲ့ အတွင်းဝန် ဦးရွှေဘော် တို့ဟာ ရှေ့ဆုံးကလူသတ်သမားက ဗိုလ်ချုပ်ကိုစတင်ပစ်ပစ်ခြင်း
နောက်ကျောဘက်က ပြတင်းပေါက်ကနေ အချိန်မှီခုန်ချပြေးကြလို့ ဒဏ်ရာမရရှိဘဲ လွတ်မြောက်ခဲ့ရတယ်။
ဝန်ကြီးဦးဘဂျမ်း ကလည်း ပစ်ပစ်ခြင်း သူ့ဘေးမှာရှိတဲ့ ဦးအောင်ဇံဝေရဲ့ လက်ကိုဆောင့်ဆွဲကာနှစ်ယောက်သား
ကြမ်းပြင်ပေါ်လှဲချလိုက်လို့ အသက်ဘေးကလွတ်ခဲ့ရတယ်။

ရက်စက်မှုအပေါင်းသရဖူဆောင်းလေပြီ......
ကျန်တဲ့ ဝန်ကြီးတွေကတော့ တစ်ယောက်ပြီးတစ်ယောက် သေနတ်ထိမှန်ကာ အတုံးအရုံးလဲကျ ကုန်တယ်။
နောက်တော့မတ်တပ်ရပ်ပစ်ခတ်နေတဲ့ လူသတ်သမားတွေဟာ ဒူးထောက်ထိုင်လိုက်ကာ အားရပါးရ စိတ်တိုင်းကျ
ဆက်လက်ပစ်ခတ်ကြပြန်တယ်။ စိတ်တိုင်းကျပစ်ခတ်ပြီးတဲ့ နောက်မှ လူသတ်သမားတွေဟာ အပစ်ရပ်ကာ
လှေကားရှိရာဘက်ကို ပြေးထွက်လာကြတယ်။ ဒီအချိန်မှာ လှေကားထိပ်ရှိ အခန်းထဲက ဝန်ကြီးဦးရာဇတ်ရဲ့
သက်တော်စောင့်ကိုထွေးထွက်လာရာ လူသတ်သမားတွေက ကိုထွေးကို စတင်းနဲ့ တစ်ချက်မွှေလိုက်ပြီး
"ဟေ့ မဆိုင်သူဖယ်နေ အောက်က ဆင်းကြ" လို့အော်ဟစ်ရင်း လှေကားအတိုင်းတဟုန်ထိုးပြေးဆင်းသွားကြတယ်။

ရက်စက်သူတို့ပြန်ကြပြီ......
ဆင်ဝင် အပေါက်ကြီးအောက်မှာ ကားစက်နှိုးပြီးအသင့်စောင့်နေတဲ့ သုခ ကားပေါ်တက်ကာ
စပတ်လမ်း(ယခုဗိုလ်အောင်ကျော်လမ်း)ထွက်ပေါက်ကြီးကထွက်ပြီး လက်ဝဲဘက်ကိုကွေ့ကာ
ဒါဟိုစီ(ယခုဗန္ဓုလလမ်း) လမ်းအတိုင်း အနောက်ဘက်ကို အတားအဆီးမရှိ ထွက်ပြေးမောင်းနှင်
လွတ်မြောက်သွားကြတယ်။

သခင်နုကံကောင်းခြင်း......
ဦးစောဟာ ဖဆပလ ခေါင်းဆောင်ပိုင်းအားလုံးကို လုပ်ကြံသတ်ဖြတ်နိုင်မှ ဖဆပလ အစိုးရပြုတ်ကျမယ်လို့တွက်ပြီး
ဖဆပလအဖွဲ့ချုပ် ဒုဥက္ကဌနဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်ဥက္ကဌ သခင်နုကိုပါ လုပ်ကြံဖို့တပည့်တစ်ဦးဖြစ်တဲ့ ဘညွန့်ကို
စေလွှတ်ခဲ့ပေမဲ့၊ အဲဒီနေ့က သခင်နု ရုံးမတက်လို့လုပ်ကြံခံရမဲ့ဘေးက လွတ်သွားခဲ့တာဖြစ်တယ်။

သေနတ်ဒဏ်ရာ ၁၃ ချက်......
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေကို လူသတ်သမားတွေကလုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက်
အခန်းထဲသို့ပထမဆုံး ရောက်ရှိလာတဲ့ ဗိုလ်ထွန်းလှက ဗိုလ်ချုပ်ကိုလဲကျနေရာမှ ထူကြည့်ခဲ့ရာ ရင်ဘတ်မှာ
ဒဏ်ရာနှစ်ချက်၊ သုံးချက်ခန့်ရတယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပြီးနောက်
ဆရာဝန်ကြီးတွေက အသေအချာစစ်ဆေးကြည့်ရှုတဲ့အခါမှာတော့ ဗိုလ်ချုပ်ရဲ့ကိုယ်မှာ သေနတ်ဒဏ်ရာ
စုစုပေါင်း ၁၃ ချက်တိတိကိုတွေ့ခဲ့ကြရတယ်။ 


  ဗိုလ်ချုပ်၏ရုပ်အလောင်း

ဦးဘဂျမ်းအစည်းအဝေးတက်ရခြင်းအကြောင်း......
ပျော်ဘွယ် ဦးမြနဲ့အတူ ပြတင်းပေါက်မှ ခုန်ချခဲ့တဲ့ အတွင်းဝန်ဦးရွှေဘော်မှာ လုံးဝထိခိုက်ခြင်းမရှိခဲ့ပေ၊
ကြမ်းပြင်ပေါ်ကို မှောက်လဲချခဲ့တဲ့ ဦးအောင်ဇံဝေလည်း ထိခိုက်ဒဏ်ရာ မရခဲ့ပေမဲ့၊ ဦးဘဂျမ်းကတော့
လက်ဝဲဘက်နံပါးမှာ တစ်ချက်၊ လက်ယာဘက် လက်သူကြွယ်မှာ တစ်ချက်အပေါ်ယံရှပ်ထိမှန်ခဲ့တယ်။
တကယ်တော့ ဦးဘဂျမ်းဟာ အဲဒီနေ့က အစည်းအဝေးကိုတက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဟင်္သာတခရိုင်ကို ခရီးထွက်ရာကနေ ပြန်ရောက်ခါစ ဖြစ်ပြီး အအေးမိကာ
အနည်းငယ်မကျန်းမမာဖြစ်နေတာကြောင့် ဖြစ်တယ်။ ဒါပေမယ့် သူဟာ အဲဒီအချိန်က အရေးကြီး
သတင်းထူးတစ်ခုကိုအမြန်ဆုံးတင်ပြအစီရင်ခံဖို့ လိုအပ်နေတယ်လို့ ယူဆပြီး အစည်းအဝေးကို
ကြိုးစားလာတက်ခြင်းဖြစ်တယ်။ ဦးဘဂျမ်းရရှိခဲ့တဲ့ သတင်းထူးတစ်ခုကတော့ လွန်ခဲ့တဲ့ ဇွန်လနောက်ဆုံး
အပတ်အတွင်းက ဗိုလ်တထောင် ဘီအိုဒီ(Base Ordnance Depot) ခေါ်ပစ္စည်းသိုလှောင်ရေးတပ်ဖွဲ့ကနေ
ဘရင်းဂန်းအလက် ၂ဝဝ ကျော် ပျောက်ဆုံးခဲ့မှုရဲ့တရားခံဟာ ဂဠုန်ဦးစော ဖြစ်တယ်ဆိုတာတင်ပြဖို့ပဲဖြစ်တယ်။

မကောင်းမှုဟူသည်ဆိတ်ကွယ်ရာမရှိ........
ဂဠုန်ဦးစောရဲ့လှုပ်ရှားမှုတွေကို ပုလိပ်ဘက်က သတိပြုမိနေတာတော့ ကြာပါပြီ။
နောက်ပြီးဦးစောအိမ်နဲ့ မျက်နှာချင်းဆိုင်အိမ်မှာ နေနေတဲ့စစ်ရုံးချုပ်က လုံခြုံရေးအရာရှိ
လက်ဖတင်နင် ကာနယ် ဂေါ်ဒွန်ဟန့်ဟာ ဦးစောရဲ့လူသတ်မှုတွေကို သင်္ကာမကင်းဖြစ်ကာ၊
မိမိနေအိမ်ကနေ စစ်သုံးမှန်ပြောင်းဖြင့်ညအချိန် စောင့်ကြည့်နေခဲ့ရာ ဦးစောဟာတပည့်လေးငါးယောက်
နဲ့အတူ အင်းလျားကန်ရေပြင်မှာ လှေတစင်းနဲ့ အလုပ်ရှုပ်နေတာကို ကြိမ်ဖန်များစွာ တွေ့မြင်ခဲ့ပြီး
ဒီသတင်းကိုလည်း ဘုရင်ခံရဲ့ အတွင်းဝန် ဖိလစ်နက်ရှ်ထဲမှတဆင့် ဘုရင်ခံက ဇူလိုင်လ၁၈ရက်နေ့မှာ
သိထားပြီးဖြစ်တယ်။ နောက်ပြီး အဲဒီလုပ်ကြံမှုဖြစ်ပွားတဲ့နေ့က လူ၅ဦးကို တင်ဆောင်ကာအပြေးမောင်းနှင်
လာတဲ့ ဂျစ်ကားလေးတစ်စီး ဦးစောအိမ်ထဲကို ချိုးဝင်သွားတယ်၊ အဝင်မှာ ဦးစောနဲ့ဆုံမိကြတော့
"အောင်ပြီ၊အောင်ပြီ" လို့လက်သီးလက်မောင်းတန်း ကြွေးကြော်နှုတ်ဆက်ကြတာကို လက်ဖတင်နင်
ကာနယ်ဂေါ်ဒွန်ဟန့် ကိုယ်တိုင်မြင်တွေ့ပြီး စီအိုင်ဒီ(မှုခင်းတပ်ဖွဲ့)ကို သတင်းပို့ခဲ့တယ်။

အာဏာရူးလူယုတ်မာတို့ကိုဖမ်းပြီ.......
ဒါကြောင့်မွန်းလွဲပိုင်းမှာ ပုလိပ်စုံထောက်ဘက်နဲ့ သောင်းကျန်းသူ နှိမ်နှင်းရေး တပ်တို့ပူးပေါင်းပြီး
အင်းလျားကန်စောင်းရှိ ဦးစောနေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ဦးစောရဲ့တပည့်တစ်ဦးဖြစ်သူ
မိုက်ရူးရဲ မှုန်ကြီးက သေနတ်ကို ကိုင်စွဲကာ ခုခံပစ်ခတ်ခဲ့သေးသော်လည်း အင်အားချင်းမမျှသည်ကို
ရိပ်မိတဲ့ဦးစောက အချိန်မီ တားဆီးခဲ့တဲ့အတွက် ဦးစောတို့ လူသိုက်အားလုံးကိုဖမ်းဆီးရမိခဲ့တယ်။
ဦးစော အိမ်ထဲကနေ စာရွက်စာတမ်းတွေ မကြာခင်ကမှ ပြုလုပ်ထားတဲ့ " ဦးစော Prime Minister"ဆိုတဲ့
ရာဘာတံဆိပ်ဆုံးတွေနဲ့အတူ အင်္ဂလိပ်စစ်တပ်က ပျောက်ဆုံးသွားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေထဲက
တချို့ကို အိမ်ထဲကရော အိမ်အနီးက အင်းလျားကန်ထဲကရော ရှာဖွေသိမ်းဆည်းရမိခဲ့တယ်။ 


ကြိုတင်ကင်းပုန်းချထားသော်လည်း...........
ဒီမြန်မာပြည်ရဲ့ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ လုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့နောက်ပိုင်းမှာဗိုလ်ချုပ်ရဲ့အပါးတော်မြဲ
ဗိုလ်ထွန်းလှရဲ့ထုတ်ဖော်ရေးသားချက်အရ၊ စတင်းဂန်းအလက် ၂ဝဝ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး
သတင်းတွေ အမျိုးမျိုးထွက်လာပြီး လုံခြုံရေးအခြေအနေစိုးရိမ်ရတဲ့အထိ ပြောဆိုမှုတွေရှိလာတဲ့အခါ
ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း လန်ဒန်သွားနေခိုက်ပြည်ထဲရေးဌာန တာဝန်တွေကိုပါ ပူးတွဲယူထားတဲ့
ပျော်ဘွယ်ဦးမြက ဗမာ့တပ်မတော်က တပ်စိတ်တစ်စိတ်ကို ထုတ်နှုတ်ပြီး ဗိုလ်ချုပ်မသိအောင်
အတွင်းဝန်များရုံး အဝင်လမ်းမှာ ကင်းပုန်းချထားလိုက်တယ်။
မြန်မာပြည်ရဲ့ ကံဆိုးမိုးမှောင်ကျမှုအစလို့ ပြောရမည့်ကိစ္စကတော့ ၊ အဲဒီတပ်စိတ်ထဲကရဲဘော်တစ်ယောက်
ကိစ္စတစ်ခုနဲ့ အပြင်ထွက်လာချိန်မှာ ရုံးတက်ဖို့လာနေတဲ့ဗိုလ်ချုပ်ကတွေ့ပြီး ဦးမြကိုဒီတပ်စိတ်ကိုရုပ်သိမ်းဖို့
အမိန့်ပေးခဲ့တာကြောင့် လုပ်ကြံမှုမဖြစ်ပွားခင်ရက်ကမှ ဒီလုံခြုံရေးကင်းပုန်းဝပ်နေတဲ့
တပ်စိတ်ရုပ်သိမ်းသွားခဲ့တာဖြစ်တယ်။

ဗိုလ်ချုပ်အတွက်မချိတင်ကဲဖြစ်မိတယ်......
ဗိုလ်ချုပ်အောင်ဆန်းရဲ့ “သူ့ကို လုပ်ကြံမည့်လူမရှိနိုင်ပါဘူး” ဆိုတဲ့ ယုံကြည်ချက်နဲ့ အဆောင်အယောင်
ပကာသနတွေကို ရွံ့ရှာစက်ဆုပ်ပြီး လွတ်လွတ်လပ်လပ် ရိုးရိုးသားသား နေထိုင်ချင်တဲ့ဗိုလ်ချုပ်ရဲ့
စိတ်ရင်း စေတနာ ဖြူစင်ရိုးသားမူကို မချင့်မရဲဖြစ်ကာ မြန်မာပြည်နဲ့ လူထု ရဲ့ဆိုးဝါးလှတဲ့ ကံကြမ္မာလို့ပဲ
ပြောရမလား မသိတဲ့ အဖြစ်အပျက်ကိုသိမြင်ခွင့်ရခဲ့တော့ အံကြိတ် “တောက် ခေါက်မိရင်း ”
“ရန်သူမရှိဘူး” ဆိုတဲ့ ဗိုလ်ချုပ်ရေ ဘယ့်နှယ့်လဲကွဲ့။ ” လို့သာ ဟစ်အော်လိုက်ချင်တော့တယ်။ 


  အာဇာနည်တို့ဈာပနာကျင်းပပုံအခမ်းအနား

ဘာကြောင့် ဦးစောက နိုင်ငံခေါင်းဆောင်တွေကိုသတ်ရတာလဲ........
ဦးစော ဒီလို နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ်ရတဲ့ အကြောင်းအရင်းက
လန်ဒန်ဆွေးနွေးပွဲမသွားမီ လအနည်းငယ်အလိုက ကာကီရောင်ဝတ်ထားတဲ့ လူနှစ်ယောက်က
ဦးစောကိုသေနတ်နဲ့ ပစ်လုပ်ကြံခဲ့ရာမှာ အသက်မသေခဲ့သော်လည်းမျက်ခုံးကိုရှပ်မှန်ကာဒဏ်ရာရခဲ့တယ်။
ဒီလုပ်ကြံမူကို ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ကြီးတို့ရဲ့အစီအမံနဲ့ ဦးမြလိုင်(ပေဖူးလွှာ မဂ္ဂဇင်း
အယ်ဒီတာဟောင်း) က ကားမောင်းကာ၊ ကားပေါ်မှာပါလာတဲ့ ရန်ကုန်ဘဆွေက ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်။
ရန်ကုန်ဘဆွေ ကိုပေးကိုင်ပြီးပစ်ခတ်စေခဲ့တဲ့သေနတ်ဟာ တပ်ရင်းမူးဗိုလ် နေဝင်း(အဲဒီအချိန်က
ဗိုလ်နေဝင်းဟာတပ်ရင်းမှူးအဆင့်သာရှိ သေးတယ်) ကိုင်ဆောင်တဲ့သေနတ်ဖြစ်တယ်။
ဒီကိစ္စဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပြည်သူ့ရဲဘော် လက်ချက်ဖြစ်တယ်လို့ ယူဆကာ ဦးစောက ဗိုလ်ချုပ်နဲ့
ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ် လက်စားချေတာလို့ပြောကြတယ်။
အမှန်တော့ ဒီလုပ်ကြံမူကြီးဟာ ဒီထက်ပိုမိုလေးနက်တဲ့ ရည်ရွယ်ချက်တွေရှိပါတယ်။

ရန်ငြိုးကြီးတဲ့ လူယုတ်မာ........
ဦးစောဟာ ဗိုလ်ချုပ်တို့ကို ငြိုးသူရန်ဘက်အနေနဲ့ လုပ်ကြံသတ်ဖြတ်တာမဟုတ်၊ ဦးစော တစ်ချိန်က
“ကောင်လေးတစ်ယောက်” လို့ယူဆခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံအမျိုးသားခေါင်းဆောင်ဖြစ်
လာပြီး သူလို နိုင်ငံရေးသမား စားဖားအိုကြီးတွေအတွက် မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ နေရာမရှိ ဖြစ်နေရတဲ့
အဖြစ်ကို ကြိတ်မနိုင်ခဲမရ ဖြစ်နေရတယ်။ ဒါ့ကြောင့် ဦးစောအနေနဲ့ ဖဆပလ ခေါင်းဆောင်အားလုံးကို
ဖယ်ရှားနိုင်မှသာသူ့အနေနဲ့အာဏာရနိုင်မှာဖြစ်တယ်လို့ ယူဆကာ ရန်ကုန်ရှိ ဖဆပလ ခေါင်းဆောင်
အားလုံးကိုသာမက နယ်ရှိဖဆပလ ခေါင်းဆောင်တွေကိုပါ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ခဲ့တယ်။
ဒါ့ကြောင့်လဲ အင်္ဂလိပ်အာဏာပိုင်တွေနဲ့ပူးပေါင်း ခိုးယူထားတဲ့ လက်နက်ခဲယမ်းတွေကိုအိမ်အနီး
အင်းလျားကန်ထဲမှာ ဝှက်ထားသလို လက်နက်တချို့တဝက်ကိုလည်း မျိုးချစ်ပါတီဝင်တွေဆီကိုဖြန့်ဝေ
ထားပြီးဖြစ်တယ်။ 


 ဗိုလ်ချုပ်ကိုသတ်သောလူယုတ်မာများ

နောက်ကွယ်ကရန်သူ......
ဒီလိုဦးစောက အကြံအစည်ကြီးကြီးမားမားကြံစည်နိုင်မူဟာ နယ်ချဲ့ဗြိတိသျှတွေရဲ့မြှောက်ပင့်အားပေးမူ
ကြောင့်သာဖြစ်တယ်။ ဗြိတိသျှကွန်ဆာဗေးတစ် နိုင်ငံရေးသမားတွေ၊ စစ်ဘက်နဲ့အရပ်ဘက်က
ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ရန်သူတော်ဟောင်းဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ အဖွဲ့အစည်း အာဏာရ
နေတာကိုမရူစိမ့်မနာလိုကြပါဘူး။ ဒါကြောင့် မြန်မာနိုင်လွတ်လပ်ရေးမယူမီမှာ ဖဆပလ အစိုးရအဖွဲ့ကို
ဖြုတ်ချပြီး၊ မြန်မာနိုင်ငံကို ဒိုမီနီယံအတွင်းမှာဆက်ရှိနေအောင် ဂဠုန်ဦးစော လို ပုဂ္ဂိုလ်တွေနဲ့

ပူးပေါင်းကြံစည်ခဲ့ကြတာဖြစ်ပါတယ်။ 


ဗိုလ်ချုပ်အောင်ဆန်းအုတ်ဂူ (မူလပုံစံ)

ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ အာဇာနည်ကုန်း

၂ဝ၁၅ ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့ကိုမမေ့သောအားဖြင့်)
မြန်မာအဲရင်းအဖွဲ့
၂ဝ၁၅ ခုနှစ်(ဇူလိုင်လ)
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com