Tuesday, July 28, 2015

ဦးရာဇာတ် (၁၈၉၈-၁၉၄၇)

ဦးရာဇတ်သည်တိုက်ပိုင်အင်စပိတ်တော် မစ္စတာ အေ၊ ရာမန်နှင့် ဒေါ်ငြိမ်းလှတို့မှ မွေးဖွားသော
သားသမီး ၁၃-ယောက်အနက် စတုထ္ထသားဖြစ်သည်။
မိထ္ထီလာမြို့တွင် ၁၈၉၈-ခုနှစ် ဇန်ဝါရီလ ၂ဝ-ရက်၊ တနင်္လာနေ့တွင်ဖွားမြင်သည်။

ကိုရာဇာတ်ကို သူ့မိဘများက ရန်ကုန်မြို့ကောလိပ်သိပ္ပံကျောင်းသို့လွှတ်ကာ ပညာဆက်လက်သင်ကြားစေသည်။
ဝိဇ္ဇာတန်းတွင်အင်္ဂလိပ်စာဂုဏ်ထူးယူခဲ့သည်။ ကောလိပ် ကျောင်းပညာဆည်းပူနေစဉ် အင်္ဂလိပ်စာစီစာကုံးပြိုင်ရာ
ပထမရရှိသဖြင့် ဘိုင်မြား ရွှေတံဆိပ်ကိုဆွတ်ခူးနိုင်ခဲ့သည်။

ကိုရာဇာတ်သည် ပညာဘက်တွင်သာထူးချွန်သည်မဟုတ်သေး တင်းနစ်၊ ခရစ်ကတ်၊ လက်ဝှေ့၊ ဘောလုံးစသည့်
အားကစားဘက်တွင်လည်း ပြောင်မြောက်လေသည်၊ ကောလိပ်ကျောင်း ဘောလုံးအသင်းတွင် ပါဝင်ခဲ့လေသည်။
၁၉၂ဝ-ပြည့်နှစ် ပထမကျောင်းသားသပိတ် အရေးတော်ပုံကြီးတွင် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တစ်ဦး
အဖြစ် ပါဝင်လေသည်။ သပိတ်မှောက်ကောင်စီမှ သပိတ်မှောက်ကျောင်းသားများ ပညာရေးတွင် မနစ်နာစေရန်
မြန်မာတနိုင်ငံလုံးရှိမြို့ကြီးများတွင် အမျိုးသားကျောင်းများဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်ပြီးသည့်နောက် ကိုရာဇတ်သည်
မန္တလေးမြို့ ဗဟိုအမျိုးသားအထက်တန်းကျောင်းကြီး အင်္ဂလိပ်ဘာသာနှင့် ပါဠိဘာသာပြ အထက်တန်းပြဆရာအဖြစ်
၁၉၂၁-ခုနှစ်မှစတင်လုပ်ကိုင်ခဲ့သည်။

၁၉၂၁-ခုနှစ်တွင်ပင် အမျိုးသားပညာရေးကောင်စီမှ ကြီးမှူးကျင်းပသော ဘီအေ စာမေးပွဲကိုဝင်ရောက်ဖြေဆိုရာ
ကောင်းစွာအောင်မြင်လေသည်။ ဗဟိုအမျိုးသားကျောင်းတွင် ၁၉၂၃-ခုနှစ်မှစတင်၍ ကျောင်းဆရာကြီးအဖြစ်၎င်း၊
ကျောင်းအုပ်အဖြစ်၎င်း ဆောင်ရွက်ခဲ့လေသည်။


ဆရာကြီးသည် အင်္ဂလိပ်စာသာမက မြန်မာစာလည်းကျွမ်းကျင်သူဖြစ်သည်။
မြန်မာနှင့် ပါဠိဘာသာရပ်များကိုကျောင်း သင်ကြားခဲ့ရခြင်းမဟုတ်ဘဲ ကျောင်းပိတ်ရက်များအတွင်း မန္တလေးမြို့၊
နန်းတော်ရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန် ကျောင်းတိုက်၊ အတုမရှိကျောင်းတိုက် စသည့်ကျောင်းတိုက်များရှိ
တိုက်အုပ်ဆရာတော်များထံ၌ သွားကာလေ့လာသင်ယူခဲ့ခြင်းဖြစ်သည်။

ဦးရာဇာတ်သည် ဖခင်၏ အစ္စလာမ် အယူဝါဒကို လက်ခံသော်လည်း မိခင်၏ ဗုဒ္ဓအယူဝါဒကိုလည်း မပစ်ပယ်ချေ။
များသောအားဖြင့် ဆရာကြီးသည် ဗုဒ္ဓအယူဝါဒီ ရဟန်းရှင်လူများနှင့် ခင်မင်ရင်းနှီး ပေါင်းသင်းဆက်ဆံလေ့ရှိသည်။
ထို့ကြောင့် ဗုဒ္ဓအယူဝါဒကို အထူးလေးစားသော မန္တလေးမြို့ကဲ့သို့သော မြို့ကြီးတစ်မြို့ရှိ အမျိုးသားအထက်တန်း
ကျောင်းတွင် ကျောင်းအုပ်အဖြစ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ ကျောင်းအုပ်အဖြစ် အမှုထမ်းစဉ် ကျောင်းသားများ၏
ကိုယ်လက်ကျန်းမာရေးအတွက် ကွင်းဆင်းချိန်၌ ကွင်းမဆင်းသူများနှင့် နံနက်တိုင်း ဘုရားရှိခိုးချိန်တွင် ဘုရားရှိခိုး
မတက်သော ကျောင်းသားများကို ကြိမ်လုံးတစ်ချောင်းဖြင့် ကြပ်မတ်ပေးလေ့ရှိသည်။

ကျောင်းဆရာနှင့် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ဦးရာဇာတ်သည် ကျောင်းသားများအား ပညာကိုသာမက
မျိုးချစ်စိတ်ဓါတ်ကိုပါသွတ်သွင်းပေးလေ့ရှိသည်။ သူကားနိုင်ငံခြားဖြစ် ဆေးလိပ်၊ စီးကရက်ကို သောက်လေ့မရှိ။
ပြည်တွင်းဖြစ် မလှမင်းဆေးပေါ့လိပ်အတုတ်ကြီးကို အမြဲလိုလိုသောက်လေ့ရှိခြင်းကသူ့မျိုးချစ်စိတ်ကိုထင်ရှားစေသည်။

ကျောင်းတွင် ကျောင်းသားများကို သမဂ္ဂဖွဲ့စည်းစေပြီး၊ ထိုစဉ်က ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော
ကိုနု၊ ကိုအောင်ဆန်း၊ မစ္စတာရာရှစ် သီးရာရှစ် စသည်တို့နှင့် အဆက်အသွယ်ပြုလုပ်ပေးခဲ့သည်။
၁၉၃၇-ခုနှစ်တွင် ဒုတိယအကြိမ်ကျောင်းသားကွန်ဖရင့် မန္တလေးမြို့တွင်ကျင်းပရာ ကျောင်းသားခေါင်းဆောင်
ကိုအောင်ဆန်းတို့အလာတွင် ဆရာကြီးဦးရာဇာတ်အမှူးပြုသော အမျိုးသားကျောင်းဆရာများကလက်ဖက်ရည်ပွဲဖြင့်
တည်ခင်းဧည့်ခံ ကြိုဆိုခဲ့လေသည်။

ဆရာကြီးသည် မြန်မာအမျိုးသားတို့ကို ချစ်ခင်သူဖြစ်သည့်အတိုင်း ဗမာ-မွတ်ဆလင်ဟူသောအမည်ကို စတင်၍
အသုံးပြုခဲ့လေသည်။ ရမည်းသင်းမြို့တွင်ပြုလုပ်သော ဗမာမွတ်ဆလင်ညီလာခံ၏ ဥက္ကဌအဖြစ်ရွေးကောက်တင်မြှောက်
ခံရလေသည်။ မန္တလေးမြို့ အပျော်တမ်း ရဲတပ်ဖွဲ့ဖွဲ့စည်းရာတွင်လည်း အုပ်ချုပ်သူဗိုလ်ကြီးအဖြစ် ခန့်အပ်ခံရသည်။

ဂျပန်ခေတ်တွင် ဆရာကြီးသည် ထောင်သွင်းအကျင်းချခြင်းခံခဲ့ရဖူးရာ သူ့အား ရွှေဘိုမှ-မန္တလေး ထောင်သို့အပြောင်းတွင်
တပည့်များက မိမိတို့အသက်ကိုစွန့်လွှတ်၍ လုယူကယ်ဆယ်ရန် ကြံစည်ခဲ့ဖူးသည်။
သို့သော်ဆရာကြီးက ထိုအကြံကို ခွင့်မပြုခဲ့ချေ။

ဦးရာဇာတ်သည် ၁၉၄၅-ခုနှစ်မှ စတင်တည်ထောင်ခဲ့သော မန္တလေးခရိုင်ဖက်ဆစ်တော်လှန်ရေး ပြည်သူ့လွတ်လပ်ရေး
အဖွဲ့ (ဖတပလ)တွင် ပထမဦးစွာ ဥက္ကဌအဖြစ်ရွေးချယ်ခန့်အပ်ခြင်းခံရသည်။ ၁၉၄၇-ဧပြီလတွင်တိုင်းပြုပြည်ပြု
လွှတ်တော်ရွေးကောက်ပွဲကျင်းပသောအခါ မန္တလေးမြို့မအရှေ့ပိုင်းအမတ်အဖြစ်ရွေးကောက်ခြင်းခံရသည်။

ထိုနောက်ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အစိုးရဝန်ကြီးအဖွဲ့တွင်ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး
အဖြစ်ထမ်းဆောင်ခဲ့ရသည်။ ၁၉၄၇-ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကို ဒီကရီကောလိပ်အဖြစ် တိုးမြင့်ဖွင့်လှစ်
နိုင်ခဲ့ခြင်းမှာလည်း ဆရာကြီး ဦးရာဇာတ်၏ ကြိုးပမ်းမှုကြောင့်ဖြစ်သည်။


၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၉-ရက်နေ့တွင်
ဆရာကြီးဦးရာဇာတ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အခြားသောနိုင်ငံခေါင်းဆောင်ကြီးများနှင့်အတူလုပ်ကြံခံရလေသည်။
ထိုအခါက သူ့အားသွေးအိုင်ထဲမှပွေ့ပိုက်ထူမပေးသောအခါ “ကျွန်တော်က အရေးမကြီးပါဘူး။ ဗိုလ်ချုပ်နဲ့ သခင်မြတို့က
ပိုဆိုးပုံရတယ်။ သူတို့ကိုသာ ဂရုစိုက်ကြပါ” ဟုပြောကြားခဲ့လေသည်။
ဆရာကြီးကွယ်လွန်သောအခါ ဇနီးဒေါ်ခင်ခင်နှင့် သား ၂-ယောက်၊ သမီးတစ်ယောက်ကျန်ရစ်ခဲ့လေသည်။ 

ဦးရာဇာတ်သည် စွန်နီမွတ်စလင်တစ်ဦးဖြစ်ပြီးအမည်အပြည့်အစုံမှာအဗ္ဗဒူရာဇတ်ဟုခေါ်ပါသည်။

အာဇာနည်များကိုလေးစားလျှက်
မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ ဇူလိုင်)

Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com