Tuesday, July 28, 2015

မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း(၁၉ဝ၇-၁၉၄၇)

မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း (၁၉ဝ၇-၁၉၄၇) ကား ရှမ်းပြည်တောင်ပိုင်း။
မိုင်းပွန်မြို့ အဖစော်ဘွားကြီးစပ်ခွန်ထီး။ အမိနန်းစိန်ဥတို့မှ သက္ကရာဇ် ၁၂၆၉-ခုနှစ်။
နယုန်လ ပြည့်ကျော် ၅-ရက်။ သောကြာနေ့တွင် ဖွားမြင်ပါသည်။


၅-နှစ်သားအရွယ်တွင် တရားမစာရေးကြီး ဦးစံဖေထံ မြန်မာ၊ အင်္ဂလိပ်စာပေ အခြေခံကို ၂-နှစ်သင်ယူပြီး
တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်းတွင် ဆက်လက်သင်ကြားရာ
ထိုကျောင်းမှ ၁ဝ-တန်းအောင်မြင်လေသည်။

မန္တလေးမြို့ ရဲအုပ်သင်တန်းကျောင်းတွင် ၆-လတက်ရောက်ပြီး ဗန်မော်မြို့တွင် အလုပ်သင်ဝန်ထောက်အဖြစ်
ခေတ္တဆောင်ရွက်သည်။ ထိုမှတဖန် တောင်ကြီးမြို့ ရှမ်းပြည်မင်းကြီးရုံတွင် အလုပ်လုပ်သည်။
၁၉၂ဝ-ဝါဆိုလဆန်း ၁၁-ရက်နေ့တွင် အခမ်းအနား ဖြင့်စော်ဘွား ရာထူးဆက်ခံရသည်မှ မိုင်းပွန်စော်ဘွားဟု
အမည်တွင် လေတော့သည်။


၁၂၉၄-ခုနှစ်။ တန်ဆောင်မုန်းလဆန်း ၁၄-ရက်နေ့တွင် မိုးမိတ်မြို့ စော်ဘွားကြီးသမီး စဝ်ခင်သောင်း(စဝ်ခွန်ချိုနှမ)နှင့်
လက်ထက်ထိမ်းမြားရာ သား၊ သမီး ၄-ယောက်ထွန်းကားခဲ့သည်။ မိုင်းပွန်စော်ဘွားသည် ကျန်းမာရေးကိုအထူး
လိုက်စားပြီး ဘောလုံးကစားရာတွင် ဂိုးစောင့်နှင့်လက်ဝဲဝင်းအဖြစ်နာမည်ကြီးခဲ့လေသည်၊ ဘာသာတရားတွင်လည်း
အလွန်ကိုင်းရှိုင်းပြီး အရက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစားတတ်။ ပေါင်းသင်းဆက်ဆံရေးတွင်လည်း
အလွန်ပြေပြစ်သူဖြစ်သည်။

ဒုတိယကမ္ဘာစစ်ပြီးသည့်နောက် ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေ၊ တောင်းတန်းဒေသအခြေအနေတို့ကို
ကွက်ကျော်မြင်သဖြင့် မိုင်းပွန်စော်ဘွားသည် လွတ်လပ်ရေးအတွက် လုံးပမ်းလျက်ရှိသော ဗိုလ်ချုပ်အောင်ဆန်းနှင့်
ရင်းနှီးပေါင်းဖက်မိကာ တောင်တန်း-မြန်မာညီညွတ်ရေးနှင့် ပူးပေါင်းမှုကိုခရစ်နှစ် ၁၉၄၆-ခုနှစ် နိုဝင်ဘာလမှစ၍
အစွမ်းကုန်ကြိုးစားတော့သည်။

နယ်ချဲ့တို့သည် တောင်တန်းနှင့်မြန်မာ မပူးပေါင်းမိရန်အစွမ်းကုန် ကြိုးစားသော်လည်း ခေါင်းဆောင်ကြီးများ
ကြိုးပမ်းမှုကြောင့် ၁၉၄၇-ခုနှစ် ဖေဖော်ဝါရီလ ၁၂-ရက်နေ့တွင် တောင်တန်း-မြန်မာ ပူးပေါင်းသည့် ပင်လုံစာချုပ်ကို
အောင်မြင်စွာ ချုပ်ဆို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

ထိုနောက် ၁၉၄၇-ခုနှစ် မတ်လ၂၆-ရက်နေ့မှစ၍ တောင်တန်းဒေသ အတိုင်ပင်ခံဝန်ကြီးရာထူးကို လက်ခံဆောင်ရွက်
ခဲ့သည်။
မိုင်းပွန်စော်ဘွားသည် တိုင်ပြည်အတွက်ကြိုးပမ်းနေစဉ် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉-ရက်နေ့တွင်
မသမာသူတို့လုပ်ကြံမှု ကြောင့်ရေတိမ်နစ်ခဲ့ရလေသည်။ ထိုစဉ်က သူသည်အသက် ၄၁-နှစ်သာရှိသေးသည်၊

အာဇာနည်ကြီးများကိုအစဉ်လေးစားလျှက်

မြန်မာအဲရင်းအဖွဲ့(၂ဝ၁၅ ဇူလိုင်)

Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com