Friday, May 29, 2015

သေဆေးထိုးပေးပါ

ဒေါက်တာပွ ဆေးခန်းလေးသို့ တစ်နေ့အသက် ၈ဝ ခန့်အဘွားအိုတစ်ဦး တုန်တုန်ချိချိ 
ရောက်လာလေသည်။ သူပြောသော စကားက 
" သားရယ် အဘွားကို သေဆေး ထိုးပေးပါ" 
" အမလေး မလုပ်ပါနဲ့ အဘွားရယ် ကျွန်တော်မှုခင်းမျက်နှာဖုံးမှာ ပါနေပါအုံးမယ်။
ပြီးတော့ ကျွန်တော်ငါးပိထောင်း မကြိုက်လို့ပါဗျာ ရေလည်းစကေးနဲ့ မချိုးတတ်လို့ပါ အဘွားရယ်သနားပါ။" 

တကယ်တော့ ထိုအဘွားပြောနေသည်မှာ အကြောင်းရှိသည်။
ယောက်ျားလည်းဆုံး သားသမီးနှစ်ယောက်ရှိပါရဲ့။
တစ်ယောက်က နိုင်ငံခြားကို အောက်လမ်းကသွားလိုက်တာ ငါးနှစ်ကျော်။
သတင်းအစအနလည်းမရ။ ထောက်ပံ့ဖို့ဆိုတာ ဝေ လာဝေး။
နောက်သမီးတစ်ယောက်ကတော့ အိမ်ထောင်ကျပြီးထုံးစံအတိုင်း သားသမီးတွေနဲ့ရုန်းကန်နေရသူမို့ မထောက်ပံ့နိုင်။ ပိုဆိုးသည်က တစ်နှစ်တစ်ခါပင်လာမကြည့်။ နေတာကအဝေးကြီးလားဆိုတော့ သာကေတမှာတဲ့။
မြောက်ဥက္ကလာနှင့် သာကေတဆိုတာလာချင်ရင်နီးနီးလေး။

အဘွားအိုမှာအိမ်တွင်တစ်ဦးတည်းနေ၍ ဝမ်းရေးအတွက် ကိုးမိုင်နှင့်ဆယ်မိုင်ကြားက
ခရေပင်အောက်မှခရေပွင့်များကို လိုက်ကောက်ကာသီ၍ ရောင်းစားရသည်ဆိုပဲ။ 
ကျန်းမာရေးကလဲ အသက်ကြီးသူတို့ထုံးစံ မာမာချာချာမရှိ။ တရှောင်ရှောင်ပင်။
ကြာတော့ စိတ်ဓါတ်ကျမှုများဖြစ်လာသည်။ သူများမိသားစုတွေ သားသမီးမြေးမြစ်တွေနဲ့
ပျော်ရွှင်နေတာမြင်လျှင် သူ့ခမျာစိတ်မကောင်း။ ဒီတော့ဒီလောကမှာကြာကြာမနေလိုတော့။

တစ်နေ့တစ်နေ့စကားပြောဖော်လဲမရှိ။ ဂရုစိုက်မည့်သူလဲမရှိ။ နောက်ဆုံး ကြံရာမရဖြစ်ကာ
သူ့အိမ်နားမှ ဒေါက်တာပွ ဆေးခန်းလေးသို့ရောက်ရှိလာကာ သေဆေးထိုးခိုင်းနေခြင်းပင်။
ဒေါက်တာပွလည်း အစကတော့မသိ။ နောက်မှ ဘေးဆိုင်မှ လူများကပြောပြမှသိရခြင်းပင်။
နောက်နေ့တွင်လည်း ထပ်လာကာထုံးစံအတိုင်း သေဆေးထိုးခိုင်းပြန်သည်။ 

သူ့လက်ထဲတွင် ခရေပွင့်ကောက်လာသည့် ဇကာကုံးလေးနှင့်။
ဒေါက်တာပွ တော်တော် စိတ်မကောင်းမိပေ။ " အဘွားရယ် အဖန်ငါးရာငါးကမ္ဘာပါဗျာ မကြံစည်သင့်တာကို မကြံစည်ပါနဲ့ နောက်ကိုအဘွားကျန်းမာရေးနဲ့ ပတ်သက်ရင် ကျွန်တော့်ဆီအမြဲလာ ကျွန်တော်အလကားကုပေးမယ် နောက်ပြီးအဘွားပျင်းရင် ကျွန်တော့်ဆီလာကျွန်တော်နဲ့ စကားပြော မယ်လေ ကျွန်တော်လည်း ပျင်းနေတာနဲ့အတော်ပဲ" ဆိုတော့ အဘွားအိုမျက်နှာ ရုတ်တရက်ဝ င်းပသွားသည်ဟုထင်မိသည်။

ဆယ်မိုင်နားအထိဘယ်လို ပန်းသွား ကောက်လဲဆိုတော့ အိမ်နားကကောင်လေးက သူအားရင်အားသလို လေဆိပ်နားအထိစက်ဘီးနှင့်လိုက်ပို့ပေးသည်။ မအားလျှင်တော့
ဖြေးဖြေးချင်းလမ်းလျှောက်သွားသည်ဟုဆိုသည်။ ဈေးမှာခရေပန်းရောင်းတော့ 
အသက်ကြီးသူမို့ ဝယ်ကြသည်။ သို့နှင့်နောက်နေ့များတွင်တော့နှစ်ရက်ခြားတစ်ခါ သုံးရက်ခြားတစ်ခါ ဒေါက်တာပွဆေးခန်းသို့ ထိုအဘွားအို ရောက်ရောက်လာသည်။
သေဆေးမထိုးခိုင်းတော့။

ဒေါက်တာပွလည်းလူနာလာလျှင် အဘွားအိုအား ဘေးတွင်ထိုင်ခိုင်းထားသည်။ 
လူနာပြတ်လျှင် စကားပြောကြပြန်သည်။ အဓိက က သူကအပြောသမား။
ဒေါက်တာပွမှ နားထောင်ရုံသာ။ သူ့ဆွေစဉ်မျိုးဆက်အကုန်ပါသည်။ 
သည်လိုနှင့်အချိန် တဖြေးဖြေးကုန်လာလိုက်တာ ဒေါက်တာပွနယ်ပြောင်းရန် ဖြစ်လာသည်။
သွားခါနီးနှုတ်ပင်မဆက်လိုက်ရပေ။ နေပဲမကောင်း၍လား သားသမီးတွေရောက်နေ၍လားမသိ။
တစ်ပတ်လောက် ပေါ်မလာပေ။ သို့နှင့်ဒေါက်တာပွလည်းနယ်ရောက်သွားသည်။

သည့်နောက်မိန်းမယူရန်ပြန်အလာ ထိုဆေးခန်းဟောင်းလေးသို့ဝင်၍ဖိတ်စာဝင်ပေးသည်။
အိမ်ရှင် ဖြစ်သူက " ဆရာ့ စကားပြောဖော်ကြီးတော့ အခြေအနေ မကောင်းဘူးဆရာရေ
နေ့လားညလားပဲ" " 

ဗျာ... ဘယ်လိုဖြစ်တာပါလိမ့်" " ခရေပန်း သွားကောက်တာလေ။ မူးလဲတာ 
အဲဒီက ကားသမားတွေကတွေ့လို့ဆေးရုံပို့လိုက်တယ် အဲဒီကနေစလို့ တရှောင်ရှောင်
ဖြစ်သွားတာပဲ" " အဲဗျ သူ့အိမ် ဘယ်နားမှာလဲ ကျွန်တော်လိုက်သွားလို့ရမလား" သို့နှင့် သူ့အိမ်သို့ရောက်သွားလေလျှင် ယိုင်တိယိုင်တိုင်အိမ်လေးပေါ်မှ အဘွားအိုအား စိတ်မချမ်းသာစဖွယ် တွေ့လိုက်ရသည်။

ဒေါသထွက်စရာကောင်းတာက အနားမှာရှိနေတာက ဘေးအိမ်မှ သားအမိဟုသိရ၍ပင်။ သူ့သားသမီး တွေ ဘယ်မှာသွားသေနေကြလည်းမသိ။ အတော်ဒေါသထွက်ဖို့ကောင်းသည်။ " အဘွား ကျွန်တော် ဆရာဝ န်လေမှတ်မိလား"ဆိုတော့ အားယူ၍ စကားတစ်ခွန်းအား မပီတပြင် ပြောရှာလေသည်။ " သား အဘွားကို သေဆေး ထိုးပေးဖို့မလိုတော့ဘူးနော်" " ဗျာ" ဒေါက်တာပွ ခေါင်းတစ်ခုလုံးချာချာလည်သွားသည်။ 
မျက်ရည်တို့ရုတ်တရက်ဝေ့ တက်လာသည်ကို မနဲထိန်းလိုက်ရသည်။
ဆေးရုံတင်ရန်ပြောသော်လည်း အတင်မခံတော့။ မကြာပါ။ ထိုအဘွားအို ဆုံးသွားရှာသည်။ သူနေချင်သော မိသားစု သိုက်သိုက်ဝန်းဝန်း ဘဝလးကိုနေခွင့်မရသွားရှာခဲ့။

သြော် ဒီလောကမှာ ဒီလို အဖေအို အမေအိုတွေ ဘယ်လောက်တောင်များနေပြီလဲ။

မိဘများကို တန်ဖိုးထားကြပါ။ မိဘများကို အထီးကျန်အောင်မပြုလုပ်ကြပါနဲ့။

အစဉ်ကြိုးစားနေတဲ့ မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ မေလ)
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com