Saturday, June 27, 2015

ဂျပန်မှာ မြန်မာလို ညည်းတွားနေသူများ


ဂျပန်နိုင်ငံကို ကျောင်းတက်ရင်း အလုပ်လုပ်ကြသူတွေ ၊ အလုပ်သက်သက်ဖြင့်
သွားရောက်နေထိုင်ကြသူတွေထဲကအချို့ဟာ ဂျပန်ရောက်လို့အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အဆင်မပြေတော့ဘူး၊
ပင်ပန်းလာပြီဆိုရင် ပြောလေ့ရှိတဲ့ စကားတွေ ရှိပါတယ်။အဲဒါတွေကတော့ -

(၁) အလုပ်လုပ်ရတာပင်ပန်းလိုက်တာ …သူတို့ကတော့သိမှာမဟုတ်ဘူး …. ဒီလာမှသိမှာ
(၂) သူတို့ကသာ အထင်တွေစွတ်ကြီးနေတာ လုပ်နေရတာကပန်းကန်ဆေးရတာ ....
(၃) လုပ်ရတဲ့အလုပ်နဲ့ ပြန်သုံးရတာ မကာမိအောင် အသုံးစရိတ်တွေက ကြီးလိုက်တာ ....
(၄) ခြွေတာလိုက်ရတာ ခြိုးခြံလိုက်ရတာ .....
(၅) နေရတဲ့ အခန်း (အိမ်) ကလည်းကျဉ်းလွန်းတယ် ....
(၆) လူအောက်ကျတာကလည်း မပြောပါနဲ့ ....
(၇) စည်းကမ်းတွေကလည်း များလိုက်တာ .....
(၈) အချိန်ကလည်း ဘယ်နေရာမှ နောက်ကျမခံ .....


ကြားရတာတွေက ဂျပန်ဆိုဘယ်သူမှတောင် ထပ်မသွားချင်တော့လောက်အောင်ပဲဖြစ်ပါတယ်။
ဒါပေမယ့် ဂျပန်ဆိုတဲ့ နိုင်ငံကို သွားလို့ရနေတဲ့အချိန်ထဲက ယခုအထိ မြန်မာတွေအပါအဝင်
နိုင်ငံတကာကလူတွေ ဘာကြောင့် သွားနေကြသေးတာလဲ ?
ဘာကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေသွားရှာနေကြလဲ ?
ဘာကြောင့် ကျောင်းသွားတက်နေကြသေးလဲ ?

ဒီမေးခွန်းတွေရဲ့ အဖြေကတော့ ရိုးရှင်းပါတယ်။
ကိုယ့်နိုင်ငံထက် သာလွန်တဲ့ အလုပ်အကိုင်နှင့် ပညာသင်ယူခွင့် အခွင့်အလမ်းတွေ ရှိနေလို့ပါပဲ။
အထက်ကပြောသလို ဂျပန်မှာ ဘာကြောင့်ညည်းကြသလဲဆိုတဲ့ အဖြေရဲ့ အကြောင်းရင်းကတော့
ဂျပန်မသွားခင်မှ အလုပ်သီးသန့် သွားလုပ်တယ်ဆိုရင်လည်း မိမိလုပ်ရမည့် အလုပ်အကိုင်အကြောင်း၊
အလုပ်နဲ့ပတ်သတ်တဲ့ အခြေခံဗဟုသုတများလေ့လာမှု ရှိခြင်းမရှိခြင်း ၊ ကျောင်းဆိုရင်လည်း တက်ရမည့်ကျောင်း၊
သင်ရမည့်ပညာ၊ နေရမည့်နေရာ၊ သွားရမည့်နေရာတွေရဲ့အကွာအဝေးစတာတွေရဲ့သတင်းအချက်အလက်ကိုများကို
မသွားခင်ကတည်းက သေချာအောင် လေ့လာခြင်း ၊ သိအောင်လုပ်ခြင်း ၊ ဘာသာစကား အခက်အခဲနည်းပါးအောင်
ကြိုတင်သင်ယူခြင်း စတာတွေအတွက် ပြင်ဆင်မှုနည်းပါးခြင်းများပေါ် အခြေခံပါတယ်။

ထို့ပြင် အတွေ့အကြုံနည်းပါးတဲ့Agent Company များ ၊ သင်တန်းကျောင်းများမှ ဆက်သွယ်သွားရောက်ခဲ့မိ၍
သိသင့်သိအပ်သည်များကို အချိန်လွန်မှ သိရှိရခြင်းများလည်း ဖြစ်တတ်ပါသည်။အမြဲတွေ့ရလေ့ရှိတဲ့ လူနှစ်မျိုးကတော့
(၁) ကာယကံရှင်ကိုယ်တိုင် သေချာမလေ့လာပဲ ဂျပန်ရောက်ပြီး သူများအပေါ် အားကျစိတ် ၊ အထင်ကြီးစိတ်ဖြင့်
ဘာဖြစ်ဖြစ်နောက်မှ ကြည့်လုပ်မယ် ဂျပန်ရောက်ရင် ပြီးရောဆိုတဲ့ လူအမျိုးအစားနှင့်
(၂) သေချာလေ့လာတယ်၊ ပြင်ဆင်တယ် ၊ ရရှိမယ့်အခွင့်အရေး ကောင်းကျိုးဆိုးကျိုးကို
ဘာဖြစ်ဖြစ် ကျေနပ်လက်ခံမယ် ဆိုတဲ့ လူမျိုးရယ်ပဲဖြစ်ပါတယ်။

ဒီနေရာမှာ အကျယ်ရှင်းပါမည်။ ဂျပန်မှာ ဘာလုပ် ရမှန်းမသိပဲ ငွေရပြီးရော အလုပ်လုပ်မယ်။
ဒီအတိုင်းသွားမယ်။ ဟိုရောက်မှ ရတဲ့အလုပ် ကြည့်လုပ်တာပေါ့ ဆိုသူတွေ
ဂျပန်ရောက်ရင် ပန်းကန်ဆေးရတာ ဆန်းသလား၊ သန့်ရှင်းရေးလုပ်ရတာ ဆန်းသလား။
တကယ်တမ်းကကျောင်းသားများ ဂျပန်ရောက်လို့ ပန်းကန်ဆေးခွင့်ရတာဟာ
ကံကောင်းကြောင်းရောက်မှသာ သိပါလိမ့်မယ်။
ဂျပန်လိုနိုင်ငံမပြောပါနဲ့ ။ ဥပမာ အနေနဲ့ မြန်မာပြည်မှာဆိုရင်တောင် ဘာမှမတတ်ဘဲ နယ်ကတက်လာတဲ့သူတွေ
ရန်ကုန်ရောက်ရင် လက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးဖို့ ပန်းကန်ဆေးဖို့ အလုပ်ရဖို့ လွယ်ပါသလား ?

နောက်ပြီး စားသောက်ဆိုင်တွေ ၊ ဟိုတယ်၊ စက်ရုံတွေမှာ အောက်ခြေသိမ်းလုပ်ရတယ်။
လူအောက်ကျတယ် ပြောကြတယ်။
ဟုတ်ပြီ ဒါဆိုရင် ကိုယ်ကရော ဒီအလုပ်တွေနဲ့ မတန်အောင် ဘယ်လောက်များ တော်နေ တတ်နေပါသလဲ။
Company တွေမှာ English လို Japan လိုပြောပြီး တာဝန်ထမ်း ဆောင်နိုင်ပါသလား ?
သက်ဆိုင်ရာ အောင်လက်မှတ် Certificate တွေရှိလား ? ဂျပန်လိုရော ကောင်းကောင်း ပြောတတ်နေပြီလား ?
စဉ်းစားကြည့်ပါ။ သူများလိုနေချင်ရင် သူများလိုပြင်ဆင်ရပါတယ်။ ကြိုးစားရပါတယ်။
ဒီလိုမဟုတ်ပဲ ကိုယ့်အနေထားနဲ့ သင့်တော်တဲ့နေရာကို မကျေနပ်ဘဲ လူ့အောက်ကျတယ်လို့ ထင်ရင်
ကိုယ်အလုပ်မရရုံသာ ရှိပါလိမ့်မယ်။ မိမိ ကိုယ်ပိုင်လုပ်ငန်းတည်ထောင် လုပ်ကိုင်နေသူတွေတောင်
လိုအပ်လာရင် လူ့အောက်ချပြီး ဝန်ဆောင်လုပ်ကိုင် နေရတာတွေ သာဓကရှိတာကိုသိစေချင်ပါတယ်။
နောက်တစ်ခုက ဂျပန်မှာ ဂျပန်လူမျိုးတွေကိုယ်တိုင်က Customer တွေအပေါ် အလွန်ဂရုစိုက်၍
မိမိကိုယ်ကို နှိမ့်ချ ဆက်ဆံလေ့ရှိကြတာပါ။ ကိုယ်တစ်ယောက်တည်းဖြစ်နေတာလည်းမဟုတ်ပါဘူး။

ခြွေတာလိုက်ရတာ ဆိုသူတွေကို ခုလို မေးချင်ပါတယ်။
ဂျပန်မှာ ဘာရည်ရွယ်ချက်နှင့်နေတာပါလဲ ?
ရတာတွေသုံးပြီး ပျော်နေဖို့လား ? စုဖို့လား ?
ဂျပန်မှာ အချိန်ပိုင်း အလုပ်ချိန်တွေကို ဘယ်လိုရှာမယ် ၊ အလုပ်ထဲမြဲအောင် ဘယ်လိုနေမယ် ၊
အလုပ်ကို ကိုယ်တိုင်က လုပ်နိုင်ဖို့ဆိုတာကတော့ ကာယကံရှင်ရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့တိုက်ရိုက်ဆိုင်ပါတယ်။
နောက်တစ်ခုက တရားဝင် သတ်မှတ်ထားတဲ့ အလုပ်ချိန်ထက် နိုင်ငံခြားသားအများစု ပိုလုပ်နေကြပါတယ်။
အဲဒီအခါမှာ အခွန်ကိစ္စ ၊ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို ပါးပါး နပ်နပ် ဖြေရှင်းနိုင်ဖို့ ၊
သိနားလည်သူတွေနဲ့တိုင်ပင်ဖို့ ၊ နောက်ပြီးသူတို့ယုံကြည်ရတဲ့သူဖြစ်ရင်
အလုပ်ရှင်ဂျပန် အချို့ကိုယ်တိုင်ကတောင်ကူညီကြပါသေးတယ်။
ဒါပေမယ့် အဲဒါတွေအတွက် ဂျပန်စကားကိုထမင်းစားရေသောက်ပြောတတ်ရုံမျှလောက်နဲ့ မရပါ။
ကိုယ့်ရဲ့ အရည်အချင်းကအလွန်အရေးပါပါတယ်။

အချိန်ပိုင်းအလုပ်လုပ်ကိုင်ရင်း ကျောင်းတက်နေသူတွေမှာ အိမ်ငှားခ ၊ ရေ မီး ဖိုး ၊ ဖုန်းဖိုး ၊ စားစရိတ် ၊
သွားစရိတ် လာစရိတ် ၊ အင်တာနက်ဖိုး စတာတွေဖယ်ပြီး ပုံမှန်လေးနေရင် ကျောင်းလခ ကာမိတဲ့အပြင်
စုမိဆောင်းမိသူတွေ အများကြီးပါ။ ဒီတော့ ကိုယ်ကကျောင်းသားဆိုရင် ကျောင်းလခအတွက်
ဝင်ငွေထဲက ဖဲ့စုရပါတယ်။ ဒါတောင် ညဆိုင်းဆင်းတဲ့သူတွေ ၊ အလုပ်ကောင်းတဲ့ သူတွေရဲ့ ဝင်ငွေက
သာမန်ထက် ပိုရပါသေးတယ်။ ငွေသွားရှာတာဆိုရင် ငွေတော့ ခြိုးခြံရမှာပေါ့လေ။
မခြိုးခြံရင် ဘာထူးမလဲခင်ဗျ။ ဒီထက်သုံးချင်ရင် ဒီထက်ပိုရှာ .... ဒီထက်ပို ခြွေတာရမှာပါ။
ကျောင်းတက်ရင်းစာသင်ရတဲ့ အတွက် ကိုယ်ရနေတာ ဝင်ငွေအသင့်အတင့် နဲ့
ကျောင်းပြီးရင်း ပညာတစ်ခုပါထပ်ရမယ် ဆိုတာကိုတွက်ရင် ဘယ်လောက်များကိုယ့်ဘက်က ရှုံးနေပါသလဲ ?
နှစ်ခုစလုံးပြီးပြည့်စုံအောင် လိုချင်ရင်တော့ ကိုယ့်ဘက်က အရည်အချင်းမည်မျှရှိသည် မရှိသည်ကသာ
အဖြေပေးပါလိမ့်မယ်။

နေရတဲ့အိမ်ခန်း ကျဉ်းတယ်ဆိုတဲ့ အတွက်တော့ မြန်မာပြည်က ကိုယ့်တိုက်ခန်းလေးကိုပဲ ပြန်တွေးပါ။
ရန်ကုန်မြို့မှာ ကိုယ်နေရတဲ့တိုက်ခန်းမှာ မိသားစုဝင်တွေအိပ်တဲ့နေရာဖယ်ပြီး ကိုယ်ပိုင်တဲ့ဧရိယာလေး
ဘယ်လောက်ကျယ်ပါသလဲ ? အင်မတန် ချမ်းသာသူတွေ အိမ်အကြီးကြီးနဲ့နေနေပြီး
ဂျပန်မှာတော့ သူများဆီ အလုပ်သွားလုပ်မှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ခုနေတဲ့ နေရာက ဂျပန်ပြည်ပါ။
Tokyo လိုနေရာဆိုရင် နှစ်ပေါင်းများစွာကမ္ဘာ့ကုန်ကျစရိတ် အကြီးဆုံး စာရင်းဝင် နံပါတ်တစ်အနေနဲ့ ရှိနေခဲ့တာပါ။
ယခုမှ အဆင့် ၆ ပဲရှိတော့တာပါ။ ဒီလိုနိုင်ငံမှာ မြေနေရာဆိုတာလည်း အလွန်တန်ဖိုးကြီးပြီး
အခန်းငှားစရိတ်တွေလည်း ဈေးကြီးပါတယ်။ ရတဲ့အခန်းတွေ ဟာလည်း သူ့အတိုင်းအထွာ ၊
သူ့အရပ်နှင့်သူ့ဇာတ်အတိုင်း အကျယ်အဝန်းပဲ ရပါတယ်။
ဒါကို နိုင်ငံခြားသားတွေအပြင် သူတို့နိုင်ငံသားတွေပါ လက်ခံထားရတဲ့ အနေအထားတစ်ခုပါ။

စည်းကမ်းကြီးတာ၊ အချိန်နောက်ကျမခံတာတွေ အတွက်ကတော့
မိမိရောက်နေတာ ဂျပန်နိုင်ငံလို့ မေ့မထားရင် ခံစားနေရတာ သက်သာပါလိမ့်မယ် လို့ပဲပြောပါရစေ …
ဂျပန်မှာအလုပ်သွားလုပ်သူတွေ ၊ ကျောင်းတက်ပညာသင်ရင်း ဘဝအခြေအနေ ပြောင်းလဲမြင့်မားသွားကြတဲ့သူတွေ
မြန်မာပြည်မှာ ဒုနဲ့ဒေးပါပဲ။ ထို့အတူ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေတဲ့သူတွေ ၊ အဆင်ပြေသည့်တိုင်အောင်
မိမိကိုယ်ကို မထိန်းနိုင်လို့ ဘဝပျက်သွားသူတွေ၊အတွေ့အကြုံနည်းပါးလို့ သူများပြောတာနားယောင်ပြီး
နိုင်ငံရေးခိုလှုံသွားသူတွေ ၊ လက်ရှိအခြေ အနေကို မထိန်းသိမ်းနိုင်ပဲ နောက်ဆုံး Over Stay လုပ်သွားသူတွေ
စသဖြင့် အမျိုးမျိုးရှိကြပါတယ်။ သူတို့တွေလဲ မိမိ အခုရင်ဆိုင်နေရတာတွေကိုမလွဲမသွေ ကျော်ဖြတ်ခဲ့ရမှာကို
မြင်ယောင်ကြည့်လိုက်ပါ။ အားတင်း ရင်ဆိုင်ပါ။

အချုပ်အနေနဲ့ ပြောရရင် ဒီလိုတွေ မညည်းချင်ရင် နဂိုကတည်းက ကြိုတင်လေ့လာပြင်ဆင်ရပါမယ်။
ဖြစ်လာမယ့် အခြေအနေကို လက်ခံနိုင်မှသာ သွားသင့်ပါတယ်။
သွားပြီးပြီ ရောက်ရှိနေပြီဆိုလဲကျရာအခန်းမှာ အပီပြင်ဆုံး က နိုင်ရပါမယ်။
ကိုယ်ရဲ့လက်ရှိ အခြေအနေကို မကျေနပ်သူဟာနောက်တဆင့်ကိုတော့ လှမ်းနိုင်အောင် မကြိုးစားဘဲ
ဒီအတိုင်းညည်းတွားနေရုံမျှနဲ့တော့ ဘာမှ လည်းဖြစ်လာမှာမဟုတ်ပါ။
အရာရာကို အဆိုးမြင်ပြီး ကိုယ့်မှာ လိုနေတာတော့ မမြင်နိုင်တဲ့သူ အတွက်ကတော့ အဆုံးနဲ့ အရှုံးထဲက
တစ်ခုခုကိုသာ ရွေးလိုက်ဖို့ပဲရှိပါတော့တယ်။ 


ဂျပန်စာကြိုးစားပြီး မိမိဘဝအောင်မြင်မှုကိုကြိုးစားလိုသောကျောင်းသားများအတွက်
မြန်မာအဲရင်းအဖွဲ့
 

Share:

1 comment:

  1. Senseiတကယ်သိသင့်တဲ့အချက်တွေပဲ မဖြစ်သင့်တာတွေမမှားသင့်တွေမမှားရအောင်ကြိုတင်ပြင်ဆင်လို့ရသွားတယ် အရမ်းကောင်းပါတယ် ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com