Tuesday, June 9, 2015

အမှိုက်အိတ်ဥပမာ


တစ်ရက်မှာ အိမ်ဘေးနားက ဦးလေးကြီး တစ်ယောက် သူ့ တူကို ဆူတဲ့ အသံကြားလိုက်ရတယ်။
တူကလည်း တော်တော်ဆိုးပုံရပါတယ်။ စကားလည်း နားထောင်ပုံမရပါ။ ဦးလေးကြီးက လက်ထဲမှာလည်း
ပလက်စတစ်အိတ်တစ်လုံးကိုင်လို့ အမှိုက်တွေသွားပစ်မယ်နဲ့ တူပါတယ်။ ပါးစပ်ကလည်းတူလုပ်တဲ့သူကိုဆူနေတာပါ။

"မင်းတို့ လူငယ်တွေ တော်တော်ခက်တယ်။.ခေါင်းထဲမှာ တန်ဖိုးရှိတာ ဆိုလို့ဘာမှထည့်မထားကြဘူး...
တစ်နေ့လာလည်း အပြင်ထွက်ပျော်ပါး..လျှောက်လည်ကြ..တစ်နေကုန်မှ အိမ်ပြန်လာတယ်...
ပြီးရင် စားကြသောက်ကြ၊ စားသောက်ပြီးရင် အိပ်ယာထဲတန်းဝင်ကြရော..."

" ဦးလေးကလည်း..ကျွန်တော်တို့က ဒီအချိန်လေး ဒီလိုနေရတာကို....
ဦးလေးတို့တုန်းကလည်းနေခဲ့တာပဲ။ နောက်ဆိုရင် ကျွန်တော်လည်းအလုပ်တွေဘာတွေ လုပ်တော့မှာဘဲကို..."

" အေး ငါတို့တုန်းက နေခဲ့တာမှန်တယ်..အချိန်နဲ့အခါနဲ့ထွက်တာကွ...ပြီးရင်လည်းအိမ်မှာလည်းဝိုင်းကူသေးတယ်။
ကိုယ့်အတွက်လည်းကြိုးစားဖို့တော့ အမြဲတွေးနေတာ....မင်းတို့က လွန်လွန်းတယ်....
တစ်နေ့လည်း အပျော်၊ နောက်နေ့လည်း အပျော်...ကြာရင် ငါ့လက်ထဲက အမှိုက်အိတ်လို ဖြစ်သွားမယ်..
သုံးမရတဲ့ပစ္စည်းတွေ ထည့်ထားခံရလို့..လမ်းဘေးအမှိုက်တောင်းထဲ ခုလိုအစွန့် ပစ်ခံရမယ်ကွ.."

ဒီဦးလေးပောတာ ဟုတ်တာပဲလို့ တွေးမိပါတယ်။
အိတ်တစ်လုံးဟာ မကောင်းတဲ့ပစ္စည်းစုပ်တွေထည့်ထားလို့သာ အမှိုက်တောင်းထဲရောက်တာပေါ့။
တန်ဖိုးရှိတဲ့ ပစ္စည်းကောင်းတွေ ထည့်ထားကြည့်ပါလား လမ်းဘေးဘယ်ရောက်ပါ့မလဲ။
အိမ်မှာပဲ ချိတ်ထားခံရမှာပေါ့။

လူတစ်ယောက်ဆိုလည်း သူသာတန်ဖိုးရှိအောင် လူ့ ပတ်ဝန်းကျင်မှာနေကြည့် ဘယ်သူမှချောင်မထိုးဘူး၊
မစွန့် ပစ်ကြပါဘူး။ လူ့ တန်ဖိုးမဲ့အောင်နေတဲ့သူကတော့ အမှိုက်အိတ်လိုပဲ ဘယ်သူမှအရေးမလုပ်
လမ်းဘေးမြောင်းထဲ ပစ်ခံရမှာသေချာတယ်။

လူဟာ တန်ဖိုးရှိလာအောင် မိမိကိုယ်တိုင်နေထိုင်တတ်ရမယ်။ လုပ်ကိုင် ဆောင်ရွက်တတ်ရမယ်။
ဒီတန်ဖိုးကို အကဲဖြတ်တဲ့နေရာမှာတော့ ပတ်ဝန်းကျင်က အဓိက ကျတယ်။
ပတ်ဝန်းကျင်ဆိုတာလည်း ပြစ်ထားလို့ မသင့်ဘူး။ အထိုက်အလျောက်သူတို့ အမြင်မှာ အဆင်ပြေအောင်နေတတ်ရမယ်။

ပတ်ဝန်းကျင်ဆိုတာလည်း ဂရုစိုက်စရာမလိုပါဘူး၊ ကိုယ်နေချင်သလို နေလိုက်မယ်။
ငါက ဘာပူစရာရှိလည်း မိဘတွေကလည်း ချမ်းသာတာပဲ စားလို့ တောင်မကုန်ပါဘူး။
ဘာမှမတတ်လည်း ထိုင်စားလို့ ရတယ်၊ဘာမှ မလုပ်ဘူးကွာ ဆိုရင်တော့ကျိန်းသေပါတယ်၊
ဒီလိုလူစားမျိုးဟာ လူ့ အမှိုက်ဖြစ်မှာပါပဲ။

တစ်ချိန်မှာတော့ လူ့အမှိုက်ဆိုတာ စွန့်ပစ်ခြင်းကိုခံရဦးမှာမလွဲဘူး။
ဒါကြောင့် ကိုယ့်ဟာ အသိတွေ၊ တန်ဖိုးရှိတဲ့ ပညာရပ်တွေစတဲ့ ပစ္စည်းကောင်းတွေထည့်တဲ့အိတ်မျိုးပဲ ဖြစ်နေပါစေ။
မကောင်းတဲ့ အလေ့အကျင့်တွေ၊ အပြုအမူတွေလို ပစ္စည်းစုပ်တွေထည့်ထားခံရတဲ့ အိတ်မျိုးမဖြစ်ပါစေနဲ့ ဆိုတာကို
ရေးသားတင်ပြလိုက်ပါတယ်။

စာဖတ်သူအားလုံးကို လေးစားလျှက် မြန်မာအဲရင်းအဖွဲ့

Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com