Wednesday, August 12, 2015

ခင်ပွန်းကောင်း


ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ
အသက် ၈ဝ အရွယ်အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်..
အရင်တစ်ပတ်ကခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ..
သူက ဆေးရုံရောက်ရောက်ချင်းဘဲ ကျွန်တော့ကို ပြောတယ်….
“ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့ အရင်လိုနေတယ်..
အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”

ကျွန်တော်က သူ့နာမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း
“ အဖိုးခဏလာက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်…..
သူ့ဒဏ်ရာက ချုပ်ရိုးကိုဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့
စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့အမူအရာကြောင့်
ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော်ကဘဲကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…

အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ …
ဒါနဲ့ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာချုပ်ရိုး ဖြေဖို့လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေ ယူလာဖို့
လှမ်းပြော လိုက်တယ်… ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်ကသူ့ကို စကား စပြောလိုက်တယ်…
“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”
“ မဟုတ်ပါဘူးလူလေးရယ်… အဖိုး မိန်းမနဲ့ မနက်စာအတူစားဖို့အတွက်လူနာစောင့်ရှောက်ရေးဂေဟာကို
သွားမလို့ပါ… အဖိုးက မနက်တိုင်းကို သူနဲ့အတူတူမနက်စာ စားနေကြလေ…..”

“အော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား …နေမကောင်းလို့လားခင်ဗျာ…”
“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာရောက်နေတာပါကွယ်..”
ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့
“တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကိုစိတ်ဆိုးမှာလား”..
“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်….
အဖိုးကို မမှတ်မိတော့တာခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”

ကျွန်တော် အတော်လေးအံ့သြသွားတယ်..
“အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်းမနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..
အဖိုး ဘယ်သူ ဘယ်ဝါဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”
အဖိုးအိုက ပြုံးလိုက်တယ်…. ပြီးတော့ ကျွန်တော့လက်ကို အသာအယာဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..
” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာသိနေသေးတယ်လေ”

အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန်ခံစားလိုက်ရသလို ဖြစ်သွားတယ်…
အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျွန်တော်ကြိုးစားပြီး ထိန်းလိုက်ရတယ်…
အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့ကထွက်ခွာသွားခဲ့ပြီ..
အဖိုးရဲ့လက်နဲ့ ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်ကနေရာလေးမှာ သူ့ဆီက အနွေးဓာတ်ကလေး
ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲခံစား မိတယ်… လက်ပေါ်မှာ တင်မကပါဘူး..
ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါကျန်နေခဲ့တာပါ…
အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ရှာဖွေနေတဲ့ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊
ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့အချစ်မျိုးပါ…..
ဇာတ်လမ်းလေးထဲက အဖိုးအိုရဲ့အချစ်ကို ဦးညွှတ်လိုက်ရင်းနဲ့ …
စာဖတ်သူများလဲအချစ်စစ်ကို ရှာဖွေ တွေ့ရှိ နိုင်ကြပါစေနော်….
ချစ်တယ်ဆိုတာပါးစပ်လေးနဲ့ ပြောရတာလွယ်ပေမယ့် ၊
တကယ်ပေါင်းစပ်ဖို့ ကျတော့တကယ့်အချစ်စစ်ဆိုတာလိုတယ်လေ။

စစ်မှန်သောအချစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။
မြန်မာအဲရင်းအဖွဲ့(၂ဝ၁၅ သြဂုတ်လ) 

 
Share:

0 comments:

Post a Comment

မနောရမ္မမှကျောင်းသားဖြစ်ပါက Comment ရေးခဲ့ပါ။

Copyright © Myanmar Erin Group | Powered by Blogger
Created by Set Paing | Blogger Theme by NewBloggerThemes.com